close

သြစတြေးလျစီးပွားရေးပညာရှင်

close

October 8, 2021

ပါမောက္ခ ရှောင်တာနယ်လ်အမှုအတွက် ဘာသာပြန်ဆိုသူကို စစ်ကောင်စီတရားရုံး ခွင့်မပြု

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင် ဖမ်းဆီးခံထားရတဲ့ သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်ရဲ့ လာမယ့်ရုံးချိန်းမှာ မြန်မာ-အင်္ဂလိပ်ဘာသာပြန်တစ်ဦးကို ခွင့်ပြုမှာမဟုတ်ဘူးလို့ နေပြည်တော်တရားရုံးက  အောက်တိုဘာ ၇ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။ 

ဘာသာပြန်ဆိုသူကို တားမြစ်တဲ့အမိန့်ကို နေပြည်တော်ရှိ အထူးတရားရုံးတစ်ရုံးက အကြိုကြားနာစစ်မေးမှုမှာ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရှောင်တာနယ်လ်ရဲ့ ရှေ့နေ ဦးရဲလင်းအောင်က အေပီသတင်းကိုပြောပါတယ်။ 

ကြားနာမှုမှာ စွဲဆိုခံရသူ ၅ ဦးလုံး ရှိနေပြီး အများပြည်သူနဲ့ သတင်းမီဒီယာတွေကို ပိတ်ပင်ထားပါတယ်။ တရားစွဲတဲ့ဘက်က  လုံခြုံရေးအကြောင်းပြချက်ကို ကိုးကားပြီးတော့ ဘာသာပြန်သူကို ခွင့်မပြုဖို့ တောင်းဆိုခဲ့ရာမှာ တရားသူကြီးကလည်း သဘောတူခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။ 

တရားရုံးမှာ ရှောင်တာနယ်လ်အတွက်စကားပြန် မရှိရင် ကျနော်တို့အတွက်ခက်ခဲတယ်လို့ ရှေ့နေ ဦးရဲလင်းအောင်က ပြောဆိုပြီး အဲဒါကို သြစတေးလျသံရုံးက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရမယ် လို့လည်းဆိုပါတယ်။

အကျဉ်းကျနေတဲ့  ပါမောက္ခရှောင်တာနယ်လ်ဟာ ကျန်းမာရေး ကောင်းမွန်ပုံရပြီး အဆာပြေစားစရာတွေနဲ့ ဖတ်စရာတွေ ပို့ပေးဖို့တောင်းဆိုတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။ 

သြစတြေးလျပညာရှင်ဟာ နိုင်ငံတော်လျှို့ဝှက်ချက် ဘဏ္ဍာရေးအချက်အလက်တွေကို ရယူခဲ့ပြီး နိုင်ငံကနေ ထွက်ပြေးဖို့ကြိုးစားခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့၀င်ဟောင်း သုံးဦးတို့နဲ့အတူ တူညီတဲ့ပြစ်မှုနဲ့ စွဲချက်တင်ခံထားရတာဖြစ်ပါတယ်။ 

ပါမောက္ခရှောင်တာနယ်လ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးတစ်ဦးဖြစ်ပြီး  ဒီအမှုနဲ့ပတ်သက်လို့ အပြစ်ရှိတယ်လို့ တရားရုံက ဆုံးဖြတ်ခဲ့ရင် အမြင့်ဆုံးချမှတ်နိုင်တဲ့ ပြစ်ဒဏ်က ထောင်ဒဏ် ၁၄ နှစ် ဖြစ်ပါတယ်။

ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရတဲ့အမှုတွေထဲကတစ်ခုဖြစ်ပြီး သူ့ကို နိုင်ငံရေးထဲ ပြန်မ၀င်နိုင်အောင် ဂုဏ်သိက္ခာကျဆင်းအောင် စစ်တပ်ရဲ့  ကြိုးပမ်းမှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။

Photo Credit-Sean Turnell FaceBook

4 mins Ago

September 15, 2021

သြစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်လ်ကို နေပြည်တော်တရားရုံးတွင် ပြောင်းလဲရုံးထုတ် စစ်ဆေးမည်

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီး တရားစွဲဆိုခံ ထားရတဲ့ သြစတြေးလျ စီးပွားရေးပညာရှင်လည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပါမောက္ခ ရှောင်တာနယ်လ်ကို ရုံးတင်စစ်ဆေးမယ့်နေရာကို ပြောင်းလဲဖို့ မြန်မာတရားရုံးက သဘောတူလိုက်တယ်လို့ ရှေ့နေတွေက ပြောတဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြပါတယ်။ 

မစ္စတာ ရှောင်တာနယ်လ်ဟာ စစ်တပ်အာဏာစသိမ်းကတည်းက ဖမ်းဆီးခံထားရပြီး မတ်လမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အစိုးရ၀န်ကြီးဟောင်း သုံးဦးတို့နဲ့အတူ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့  တရားစွဲခံထားရတာပါ။ 

တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်အရ  ရှောင်တာနယ်လ်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ နေပြည်တော်ကို တရားခွင်ကိုရွှေ့ပြောင်းမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက ပြောပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့အမှုတွေ အများစုကို တနေရာတည်းမှာပဲ တစုတစည်းတည်း ဖြစ်သွားစေမှာပါ။

စစ်တပ်ရဲ့အမိန့်အတိုင်း လုပ်ဆောင်ရတဲ့ အမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာကျဆင်းစေဖို့နဲ့ နိုင်ငံရေးထဲကို ပြန်ဝင်မလာအောင်ကြိုးပမ်းမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရတာပါ။

သြစတြေးလျပညာရှင်  ရှောင်တာနယ်လ်ဟာ  နိုင်ငံရဲ့လျှို့ဝှက် ဘဏ္ဍာရေးအချက်အလက်တွေကို ယူပြီး နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်တွေကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပေမယ့်လည်း မစ္စတာ ရှောင်တာနယ်လ်နဲ့  တခြားသူတွေကို စွပ်စွဲထားတဲ့ အသေးစိတ်အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

REF & photo Credti- AP

3 weeks Ago
Up