close

သြစတြေးလျဝန်ကြီးချုပ်

close

November 15, 2022

တရုတ်ဝန်ကြီးချုပ်နှင့် အပြုသဘောဆွေးနွေးခဲ့ဟု သြစတြေးလျဝန်ကြီးချုပ် ပြော

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နီဟာ ကမ္ဘောဒီးယားနိုင်ငံမှာ နိုဝင်ဘာ ၁၃ ရက်က ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တရားဝင် ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ မျှော်လင့်နေချိန် တရုတ်ဝန်ကြီးချုပ် လီကီချန်းနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

အခုတွေ့ဆုံမှုဟာ အပြုသဘောဆောင်တယ်လို့   သြစတြေးလျဝန်ကြီးချုပ်   သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မကြာသေးမီနှစ်တွေအတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ယိုယွင်းလာလို့ တရုတ်ဟာ သြစတြေးလျ သွင်းကုန်တချို့အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့ပွားမှု ဇာစ်မြစ်ကို နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ ဩစတြေးလျအစိုးရရဲ့ တောင်းဆိုမှုကိုလည်း ဒေါသတကြီး တုံ့ပြန်ခဲ့ ပါတယ်။

အယ်လ်ဘန်နီဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့လည်း  မိနစ် ၄၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။

ရာသီဥတု ပြောင်းလဲမှုနဲ့ ဒေသတွင်းလုံခြုံရေးမှသည် ယူကရိန်းကို ရုရှားရဲ့  ကျူးကျော်မှုနဲ့ သြစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန်တို့ကြား သုံးနိုင်ငံ လုံခြုံရေးသဘောတူညီချက်—AUKUS မိတ်ဖက်ပူးပေါင်းမှုတွေကို ဆွေးနွေးပွဲတွေမှာ ထည့်သွင်းစဉ်းစားခဲ့တယ်လို့  ဝန်ကြီးချုပ်က ပြောပါတယ်။ 

ဒါ့အပြင် အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (AANZFTA) ကို အဆင့်မြှင့်တင်ဖို့ ဖနွမ်းပင်မှာ စေ့စပ်ညှိနှိုင်းခဲ့တယ်လို့လည်း သူက ပြောပါသေးတယ်။ 

တိုးတက်မှုတွေမှာ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး၊ ပြိုင်ဆိုင်မှု၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ကုန်သွယ်မှု ပံ့ပိုးကူညီမှု၊ ကုန်စည် ကုန်သွယ်ရေးနဲ့ စည်းမျဥ်းစည်းကမ်း တွေ ပါတယ်လို့  သြစတြေးလျဝန်ကြီးချုပ်က ပြောပါတယ်။ 

4 mins Ago

July 4, 2022

လက်နက်ပံ့ပိုးပေးရန် သြစတြေးလျဝန်ကြီးချုပ်ကို ယူကရိန်းသမ္မတတောင်းဆို

သြစတြေးလျအနေနဲ့ ယူကရိန်းကို လက်နက်တွေ ပံ့ပိုးပေးဖို့နဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့  ယူကရိန်းသမ္မတဇလန်းစကီးက သြစတြေးလျဝန်ကြီးချုပ်နဲ့ ဇူလိုင် ၃ ရက်က ကီးယက်ဗ်မြို့မှာ တွေ့ဆုံခဲ့စဉ် တောင်းဆိုလိုက်ပါတယ်။ 

ဝန်ကြီးချုပ် အန်သိုနီ အယ်ဘန်နိစ်ကလည်း  သြစတြေးလျဟာ ယူကရိန်းကို လက်နက်တွေထပ်ပြီး ပံ့ပိုးပေးသွားမယ်လို့ ကတိပြုလိုက်ပြီး ဒီလက်နက်တွေထဲမှာ တင့်ကားတွေ၊ သံချပ်ကာ ကားတွေနဲ့ ဒရုန်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။  

ယူကရိန်းသမ္မတ ဇလန်းစကီးက “လက်နက်တွေ အလုံအလောက်ဖြစ်ဖို့ဟာ အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး လက်နက်အင်အား လုံလောက်မှသာ စစ်ပွဲမှာ အသာစီး ရနိုင်မယ်။ ရုရှားတပ်တွေကို ယူကရိန်းမြေပေါ်ကနေ မောင်းထုတ်နိုင်မယ်”လို့ ပြောပါတယ်။ 

ဝန်ကြီးချုပ်အယ်ဘန်နိစ်ကလည်း သြစတြေးလျအနေနဲ့ ယူကရိန်း ကုန်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးမယ့်အကြောင်းနဲ့ ရုရှားအစိုးရဝန်ကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်  သူဌေး နောက်ထပ် ၁၆ ယောက်ကို ပြည်ဝင်ခွင့် ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။ 

အခုအချိန်အထိ သြစတြေးလျက ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ ရုရှားက လူပုဂ္ဂိုလ် ၈၄၃ ယောက် ရှိသွားပြီလို့ ရိုက်တာသတင်းက ဆိုပါတယ်။ 

“ယူကရိန်းဟာ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအတွက် တိုက်ပွဲဝင်နေတာကြောင့် သြစတြေးလျဟာ ယူကရိန်းအစိုးရ၊ ယူကရိန်း ပြည်သူတွေနဲ့ အတူ ရပ်တည်နေပါတယ်”လို့ သြစတြေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။ 

4 months Ago
Up