close

လက်နက်ပံ့ပိုးပေးရန် သြစတြေးလျဝန်ကြီးချုပ်ကို ယူကရိန်းသမ္မတတောင်းဆို

သြစတြေးလျအနေနဲ့ ယူကရိန်းကို လက်နက်တွေ ပံ့ပိုးပေးဖို့နဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့  ယူကရိန်းသမ္မတဇလန်းစကီးက သြစတြေးလျဝန်ကြီးချုပ်နဲ့ ဇူလိုင် ၃ ရက်က ကီးယက်ဗ်မြို့မှာ တွေ့ဆုံခဲ့စဉ် တောင်းဆိုလိုက်ပါတယ်။ 

ဝန်ကြီးချုပ် အန်သိုနီ အယ်ဘန်နိစ်ကလည်း  သြစတြေးလျဟာ ယူကရိန်းကို လက်နက်တွေထပ်ပြီး ပံ့ပိုးပေးသွားမယ်လို့ ကတိပြုလိုက်ပြီး ဒီလက်နက်တွေထဲမှာ တင့်ကားတွေ၊ သံချပ်ကာ ကားတွေနဲ့ ဒရုန်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။  

ယူကရိန်းသမ္မတ ဇလန်းစကီးက “လက်နက်တွေ အလုံအလောက်ဖြစ်ဖို့ဟာ အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး လက်နက်အင်အား လုံလောက်မှသာ စစ်ပွဲမှာ အသာစီး ရနိုင်မယ်။ ရုရှားတပ်တွေကို ယူကရိန်းမြေပေါ်ကနေ မောင်းထုတ်နိုင်မယ်”လို့ ပြောပါတယ်။ 

ဝန်ကြီးချုပ်အယ်ဘန်နိစ်ကလည်း သြစတြေးလျအနေနဲ့ ယူကရိန်း ကုန်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးမယ့်အကြောင်းနဲ့ ရုရှားအစိုးရဝန်ကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်  သူဌေး နောက်ထပ် ၁၆ ယောက်ကို ပြည်ဝင်ခွင့် ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။ 

အခုအချိန်အထိ သြစတြေးလျက ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ ရုရှားက လူပုဂ္ဂိုလ် ၈၄၃ ယောက် ရှိသွားပြီလို့ ရိုက်တာသတင်းက ဆိုပါတယ်။ 

“ယူကရိန်းဟာ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအတွက် တိုက်ပွဲဝင်နေတာကြောင့် သြစတြေးလျဟာ ယူကရိန်းအစိုးရ၊ ယူကရိန်း ပြည်သူတွေနဲ့ အတူ ရပ်တည်နေပါတယ်”လို့ သြစတြေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။ 

//
Up