လူထုအသံနဲ့ သြစတြေးလျအစိုးရကို ဖိအားပေးတဲ့ ဓာတ်ပုံကမ်ပိန်းကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဒီကနေ့ စတင်လိုက်ပါတယ်။
Australia's UJ (Universal Jurisdiction) Campaign လှုပ်ရှားမှုတွေထဲက ပိုစတာ ဓာတ်ပုံ ကမ်ပိန်းဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်ကောင်တွေကို Universal Jurisdictions ဥပဒေအောက်ကနေ တရားစီရင်ဖို့ သြစတြေးလျအစိုးရရဲ့ ရှေ့နေချုပ်ကို ဖိအားပေးတဲ့ ကမ်ပိန်းလည်း ဖြစ်ပါတယ်။
ဒီကမ်ပိန်းကို CRPH/NUG Support Group Australia က ဦးဆောင်တာဖြစ်ပြီး လောလောဆယ်မှာတော့ မြို့နယ်အလိုက် အောက်လွှတ်တော်အမတ်တွေကို စတင်တွေ့ဆုံနေကာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဆက်လက်လှုပ်ရှားသွားမယ်လို့ ကမ်ပိန်းကို ပံ့ပိုးပေးနေတဲ့ မမွန်ဇင်က DVB ကို ပြောပါတယ်။
ဒီကမ်ပိန်းမှာ သြစတြေးလျရောက် မြန်မာနိုင်ငံသားတွေသာမက သြစတြေးလျနိုင်ငံသားတွေလည်း ပါဝင်ကြပြီး ဘယ်သူမဆို ကိုယ့်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပါဝင်နိုင်တယ်လို့လည်း သိရပါတယ်။
သြစတြေးလျအစိုးရဟာ မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ စတင်ဆွေးနွေးနေပြီဖြစ်ပေမဲ့ မြန်မာစစ်တပ်ကို နောက်ထပ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့တော့ မရှိဘူးလို့ ဩစတေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန Assistant Secretary Lynda Worthaisong က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သိပ်ကို စိတ်ပျက်စရာကောင်းနေဆဲဖြစ်ပြီး ပိုပြီးတောင် ဆိုးရွားယိုယွင်းလာတယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်လိုက်ရင် မြန်မာပြည်သူလူထုအပေါ် အပြုသဘော သက်ရောက်မှုက အနည်းငယ်ပဲ ရှိမှာဖြစ်ပြီး၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အာဆီယံ နိုင်ငံတွေကလဲ စီးပွားရေးပိတ်ဆို့မှုတွေကို မထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အင်္ဂါနေ့ညက ထွက်လာတဲ့ ဘတ်ဂျက်မှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဒေါ်လာ ၃ သိန်းကျော် ဖယ်ထားတယ်ဆိုတဲ့ စာရင်းကလည်း အမှားအယွင်းဖြစ်တယ်လို့ ပြောပါတယ်။
အဲ့ဒီ ဒေါ်လာ ၃၂၅,၀၀၀ ဆိုတဲ့ ကိန်းဂဏန်းကို သုည လို့ ဖတ်သင့်တယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းရေးမှူး ဒေးဗစ်လူးဝစ်က စုံစမ်းစစ်ဆေးအပြီးမှာ ပြောဆိုပါတယ်။
သြစတြေးလျဟာ အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကို ကြီးကြပ်လုပ်ဆောင်ခဲ့သူတွေလို့ စွပ်စွဲခံထားရတဲ့ တပ်မတော်အရာရှိ ၅ ဦးကို ဒဏ်ခတ်ပိတ်ဆို့ထားတာပါ။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုအပြီး ဩစတြေးလျဟာ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးဆိုင်ရာပူးပေါင်းမှုကို ဆိုင်းငံ့ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ကြေညာခဲ့ပါတယ်။
ဒါ့အပြင်ဩစတေးလျရောက်မြန်မာတွေကိုလည်း အတင်းအကျပ် မပြန်စေပဲ ယာယီဗီဇာသက်တမ်း တိုးပေးမယ်လို့ ကြေညာထားပါတယ်။
သြစတြေးလျမှာ ကျောင်းသားဗီဇာ ကိုင်ဆောင်သူ ၁၅၀၀ နဲ့ ဗီဇာကူးပြောင်းထားသူ ၇၆၀ အပါအ၀င် ယာယီဗီဇာ ကိုင်ဆောင်သူ ၃၃၈၄ ဦး ရှိပါတယ်။