လူထုအသံဖြင့် သြစတြေးလျအစိုးရကို ဖိအားပေးသည့် ဓာတ်ပုံကမ်ပိန်း ပြုလုပ် (ဓာတ်ပုံ)

လူထုအသံနဲ့ သြစတြေးလျအစိုးရကို ဖိအားပေးတဲ့ ဓာတ်ပုံကမ်ပိန်းကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဒီကနေ့ စတင်လိုက်ပါတယ်။
Australia's UJ (Universal Jurisdiction) Campaign လှုပ်ရှားမှုတွေထဲက ပိုစတာ ဓာတ်ပုံ ကမ်ပိန်းဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်ကောင်တွေကို Universal Jurisdictions ဥပဒေအောက်ကနေ တရားစီရင်ဖို့ သြစတြေးလျအစိုးရရဲ့ ရှေ့နေချုပ်ကို ဖိအားပေးတဲ့ ကမ်ပိန်းလည်း ဖြစ်ပါတယ်။
ဒီကမ်ပိန်းကို CRPH/NUG Support Group Australia က ဦးဆောင်တာဖြစ်ပြီး လောလောဆယ်မှာတော့ မြို့နယ်အလိုက် အောက်လွှတ်တော်အမတ်တွေကို စတင်တွေ့ဆုံနေကာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဆက်လက်လှုပ်ရှားသွားမယ်လို့ ကမ်ပိန်းကို ပံ့ပိုးပေးနေတဲ့ မမွန်ဇင်က DVB ကို ပြောပါတယ်။
ဒီကမ်ပိန်းမှာ သြစတြေးလျရောက် မြန်မာနိုင်ငံသားတွေသာမက သြစတြေးလျနိုင်ငံသားတွေလည်း ပါဝင်ကြပြီး ဘယ်သူမဆို ကိုယ့်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပါဝင်နိုင်တယ်လို့လည်း သိရပါတယ်။