၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၁ ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိနေတယ်လို့ စစ်ကောင်စီ လက်အောက်ခံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရပါတယ်။
စစ်ကောင်စီဟာ ကုန်သွယ်ရေး ပိုငွေပြနိုင်ဖို့ ပြည်ပကနေ သွင်းကုန်ပစ္စည်းတင်သွင်းမှုကို ရနိုင်သမျှ ထိန်းချုပ် ကန့်သတ်နေပေမဲ့ အခု ဘဏ္ဍာနှစ်မှာ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းတဲ့ ပမာဏက ကန်ဒေါ်လာသန်း ၇၅၀ ကျော် ပိုများနေပြီး ကုန်သွယ်မှုလိုငွေပြမှု အမေရိ ကန်ဒေါ်လာ သန်း ၇၅၀ ကျော် ဖြစ်ပေါ်ခဲ့ပါတယ်။
စီးပွားကူးသန်း ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ ကုန်သွယ်မှု စာရင်းအရဆိုရင် လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ မတ်လ ၁၇ ရက်နေ့အထိ ၁၁ ကျော် ကာလအတွင်း မှာ ပို့ကုန်ကို ကန်ဒေါ်လာ ၁ ဒသမ ၃၆၉ ဘီလီယံဖိုး တင်ပို့ထားပြီး သွင်းကုန်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၀၅၉ သန်းထိ တင်သွင်းထားတာ တွေ့ရပါတယ်။
အခုနှစ် သွင်းကုန်ကဏ္ဍမှာ လူသုံးကုန်ပစ္စည်းတင်သွင်းမှုကလွဲပြီး ကျန်တဲ့ရင်းနှီးမြှပ်နှံမှုကုန်ပစ္စည်း လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနဲ့ CMP ပစ္စည်းတင်သွင်းမှုတို့မှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူနဲ့ယှဉ်ရင် အသီးသီးမြင့် တက်နေပါတယ်။
စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေကတော့ စစ်ကောင်စီလက်ထက်မှာ ငွေကြေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအပြောင်းအလဲတွေ များတာကြောင့် လုပ်ငန်းဆောင်ရွက်ရာမှာ မရေရာမှုတွေ ၊ လုပ်ငန်းစဉ် ကြန့်ကြာမှုတွေ ဖြစ်စေတယ်လို့ ဆိုကြပါတယ်။
သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “မြန်မာပြည်မှာ အလုပ်လုပ်ရတာက အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောင်းတတ်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ လိုက်လုပ်နေရတာနဲ့ ရှေ့မရောက်ဘူး။ သွင်းကုန်လိုင်စင် တစ်စောင်ရဖို့ကို တော်တော်လေး ခက်ခဲတယ်။ ပို့ကုန်သမားလည်း ပို့ကုန်သမားအရောက် ဒီမူဝါဒ အပြောင်းအလဲ တွေကြောင့် အခက်အခဲရှိနေတာပဲ”လို့ ပြောပါတယ်။
အခုနှစ် ပို့ကုန်ကဏ္ဍမှာတော့ လယ်ယာထွက်ကုန်တင်ပို့မှု စုစုပေါင်းက ကန်ဒေါ်လာ ၃.၈ ဘီလီယံ၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုက ကန်ဒေါ်လာ သန်း ၇၀၀ကျော်၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုက ကန်ဒေါ်လာ ၃၂၈ သန်း၊ အခြားပစ္စည်း တင်ပို့မှုက ကန်ဒေါ်လာ သန်း ၄၀၀ ကျော် အသီးသီးရှိခဲ့ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင် လယ်ယာထွက်ကုန်မှာ ကန်ဒေါ်လာ သန်း ၄၀ကျော်၊ ရေထွက်ပစ္စည်း တင်ပို့မှုမှာ ကန် ဒေါ်လာ သန်း၆၀ကျော်၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာသန်း ၃၀၀ ကျော်နဲ့ အခြားပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာ သန်း ၃၄၀ ကျော် ကာလတူထက် အသီးသီး လျော့ကျနေပါတယ်။
စက်မှုကုန်ချောပစ္စည်းနဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုတို့မှာတော့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှု ထက် ပိုမြင့်တက်နေတာတွေ့ရပြီး စက်မှုကုန်ချောပစ္စည်းက ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ကျော်၊ တိရတ္ဆန် ထွက်ပစ္စည်းက ကန်ဒေါ်လာ ၁၂ သန်းကျော် ပိုတင်ပို့ထားပါတယ်။
ပို့ကုန်ကဏ္ဍမှာလည်း နိုင်ငံခြားငွေကို ကျပ်ငွေမဖြစ်မနေ လဲလှယ်ရမယ်ဆိုတဲ့ မူဝါဒအပြင် လုပ်ထုံး လုပ်နည်း စည်းမျဉ်း အပြောင်းအလဲများစွာကြောင့် လုပ်ငန်းစဉ် နှောင့်နှေးမှုတွေရှိနေပြီး၊ လမ်းပိုင်းလုံခြုံရေး အခြေအနေအခက်အခဲတွေကြောင့်လည်း ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးပြတ်တောက်မှုကလည်း လုပ်ငန်းလည်ပတ်မှုတွေအပေါ် ကြီးမားတဲ့ အဟန့်အတား ဖြစ် နေပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တယောက်က “မူဝါဒအပါအဝင် ပြဿနာတွေက အများကြီးပဲ။ လမ်းပိုင်းလုံခြုံရေး ပြဿနာလည်းပါတယ်။ သတိထားပြီး သွားလာနေရတယ်၊ အချိန်ကြန့်ကြာတာပေါ့ ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍ အခြအနေကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ဘီလီယံ ၃၀ ကျော်အသီးရှိခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ် ၁၁ လကျော် ကာလမှာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံကျော် ရှိထားပါတယ်။
ဒီကိန်းဂဏန်တွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးဟာ ဘီယီယံနဲ့ချီပြီး လျော့ကျနေဆဲ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်း မှတ်ပုံတင်အမှတ် သတ်မှတ်ခြင်း မရှိသေးတဲ့ ပုဂ္ဂိုလ်စုနဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒီကနေ့ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ် လျှောက်ထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer’s Identification Number-TIN) ရရှိပြီးတဲ့ အခွန်ထမ်းကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခွန်ပေးဆောင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်း စတဲ့ လုပ်ငန်းတွေကို ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာ အသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ငွေပေးချေမှုတွေ ဆောင်ရွက်တာ၊ ကုန်စည်တင်သွင်းတာ၊ ပို့ကုန်၊သွင်းကုန်လိုင်စင်လျှောက်ထားတာနဲ့ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ အခွန်ထမ်း မှတ်ပုံတင်အမှတ်နဲ့သာ ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခွန်ထမ်းကုမ္ပဏီအနေနဲ့ အဆိုပါအခွန်ထမ်းမှတ်ပုံတင်အမှတ်ကို အသုံးပြုပြီး သက်ဆိုင်ရာ အခွန်ရုံးမှာ လစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းတာ၊ ဝင်ငွေခွန်ကို သုံးလ တကြိမ် ပေးဆောင်တာ၊ သုံးလပတ် ကုန်သွယ်လုပ်ငန်းခွန် အတွက် ကြေညာလွှာတင်သွင်းတာတွေ ပြုလုပ်ရပါမယ်။
တကယ်လို့ အထူးကုန်စည် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းဖြစ်ပါက သုံးလ တကြိမ် အထူး ကုန်စည်ခွန် ကြေညာလွှာ တင်သွင်းတာ၊ နှစ်ချုပ်ကြေညာလွှာတင်သွင်းတာ၊ ကုမ္ပဏီဝန်ထမ်းတွေ အတွက် လစာဝင်ငွေခွန် ပေးသွင်းတာ၊ withholding Tax အတွက် နုတ်ယူပေးသွင်းတာ၊ အခွန်ကင်းလွတ်ခွင့် လျှောက်ထားတာ၊ အခွန်ပြန်အမ်းငွေ တောင်းခံထုတ်ယူတဲ့ လုပ်ငန်းစဉ်တွေမှာ လွယ်ကူစွာ အသုံးပြုနိုင်မယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ဆိုပါ တယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ အခွန်ထမ်းပြည်သူတွေအနေဲ့ အကြမ်းဖက်စစ်ကောင်စီထံ အခွန်မဆောင်ဖို့ ဆော်သြ ထားပါတယ်။
ဒါပေမဲ့တော်လှန်ရေးမှာ အသုံးပြုဖို့အတွက် အခွန်ဆောင်လိုတဲ့ ပြည်တွင်း၊ ပြည်ပရှိ အခွန်ထမ်းပြည်သူတွေအနေနဲ့ မိမိတို့ ပေးဆောင်ရမယ့် အခွန်ငွေကို မိမိကိုယ်တိုင် ချင့်ချိန်တွက်ချက်ပြီး လုံခြုံစိတ်ချရတဲ့ အွန်လိုင်း ပလက်ဖောင်းကနေ တဆင့် ပေးဆောင်နိုင်တယ်လို့ NUG အစိုးရက ပြောဆိုထားပါတယ်။
အခွန်ထမ်းဆောင်ပြီးပါက အခွန်ထမ်းသူ တဦးတည်းသာ သိရှိနိုင်တဲ့ Unique Identification Number ကို မှတ်တမ်း တင်ထားမှာ ဖြစ်ပါတယ်။
တော်လှန်ရေးအောင်မြင်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား ထူထောင်တဲ့အခါ အခွန်ထမ်းဆောင်ထားတဲ့ ပြည်သူတွေကို မိမိတို့ လက်ဝယ်ရှိ Unique Identification Number မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အခွန်အထူးကင်းလွတ်ခွင့်ကို ရယူနိုင်မယ်လို့ ဆိုပါတယ်။
ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ကျပ် ၁၆၈၃ ဘီလီယံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ် ကျပ် ၃၃၇၃ ဘီလီယံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ကျပ် ၄၄၅၉ ဘီလီယံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကျပ် ၆၅၁၈ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကျပ် ၆၃၁၅ ဘီလီယံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကျပ် ၇၁၂၂ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီလီယံ နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျပ် ၇၇၉၁ ဘီလီယံ ရရှိခဲ့တာ တွေ့ရပါတယ်။