အခွန်ထမ်းမှတ်ပုံတင်အမှတ်ပါမှ သွင်းကုန်ပို့ကုန်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုမည်ဟု စစ်ကောင်စီ အကြပ်ကိုင်

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်း မှတ်ပုံတင်အမှတ် သတ်မှတ်ခြင်း မရှိသေးတဲ့ ပုဂ္ဂိုလ်စုနဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒီကနေ့ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ် လျှောက်ထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer’s Identification Number-TIN) ရရှိပြီးတဲ့ အခွန်ထမ်းကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခွန်ပေးဆောင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်း စတဲ့ လုပ်ငန်းတွေကို ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာ အသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ငွေပေးချေမှုတွေ ဆောင်ရွက်တာ၊ ကုန်စည်တင်သွင်းတာ၊ ပို့ကုန်၊သွင်းကုန်လိုင်စင်လျှောက်ထားတာနဲ့ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ အခွန်ထမ်း မှတ်ပုံတင်အမှတ်နဲ့သာ ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခွန်ထမ်းကုမ္ပဏီအနေနဲ့ အဆိုပါအခွန်ထမ်းမှတ်ပုံတင်အမှတ်ကို အသုံးပြုပြီး သက်ဆိုင်ရာ အခွန်ရုံးမှာ လစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းတာ၊ ဝင်ငွေခွန်ကို သုံးလ တကြိမ် ပေးဆောင်တာ၊ သုံးလပတ် ကုန်သွယ်လုပ်ငန်းခွန် အတွက် ကြေညာလွှာတင်သွင်းတာတွေ ပြုလုပ်ရပါမယ်။
တကယ်လို့ အထူးကုန်စည် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းဖြစ်ပါက သုံးလ တကြိမ် အထူး ကုန်စည်ခွန် ကြေညာလွှာ တင်သွင်းတာ၊ နှစ်ချုပ်ကြေညာလွှာတင်သွင်းတာ၊ ကုမ္ပဏီဝန်ထမ်းတွေ အတွက် လစာဝင်ငွေခွန် ပေးသွင်းတာ၊ withholding Tax အတွက် နုတ်ယူပေးသွင်းတာ၊ အခွန်ကင်းလွတ်ခွင့် လျှောက်ထားတာ၊ အခွန်ပြန်အမ်းငွေ တောင်းခံထုတ်ယူတဲ့ လုပ်ငန်းစဉ်တွေမှာ လွယ်ကူစွာ အသုံးပြုနိုင်မယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ဆိုပါ တယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ အခွန်ထမ်းပြည်သူတွေအနေဲ့ အကြမ်းဖက်စစ်ကောင်စီထံ အခွန်မဆောင်ဖို့ ဆော်သြ ထားပါတယ်။
ဒါပေမဲ့တော်လှန်ရေးမှာ အသုံးပြုဖို့အတွက် အခွန်ဆောင်လိုတဲ့ ပြည်တွင်း၊ ပြည်ပရှိ အခွန်ထမ်းပြည်သူတွေအနေနဲ့ မိမိတို့ ပေးဆောင်ရမယ့် အခွန်ငွေကို မိမိကိုယ်တိုင် ချင့်ချိန်တွက်ချက်ပြီး လုံခြုံစိတ်ချရတဲ့ အွန်လိုင်း ပလက်ဖောင်းကနေ တဆင့် ပေးဆောင်နိုင်တယ်လို့ NUG အစိုးရက ပြောဆိုထားပါတယ်။
အခွန်ထမ်းဆောင်ပြီးပါက အခွန်ထမ်းသူ တဦးတည်းသာ သိရှိနိုင်တဲ့ Unique Identification Number ကို မှတ်တမ်း တင်ထားမှာ ဖြစ်ပါတယ်။
တော်လှန်ရေးအောင်မြင်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား ထူထောင်တဲ့အခါ အခွန်ထမ်းဆောင်ထားတဲ့ ပြည်သူတွေကို မိမိတို့ လက်ဝယ်ရှိ Unique Identification Number မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အခွန်အထူးကင်းလွတ်ခွင့်ကို ရယူနိုင်မယ်လို့ ဆိုပါတယ်။
ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ကျပ် ၁၆၈၃ ဘီလီယံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ် ကျပ် ၃၃၇၃ ဘီလီယံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ကျပ် ၄၄၅၉ ဘီလီယံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကျပ် ၆၅၁၈ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကျပ် ၆၃၁၅ ဘီလီယံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကျပ် ၇၁၂၂ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီလီယံ နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျပ် ၇၇၉၁ ဘီလီယံ ရရှိခဲ့တာ တွေ့ရပါတယ်။