close

ဟင်္သာတခရိုင်

close

January 1, 2023

ဟင်္သာတခရိုင်တွင် မူလတန်းပြကျောင်းဆရာ ၁ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်မှာ သေနတ်ပစ်ခတ်မှုနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရတဲ့ မူလတန်းပြကျောင်းဆရာ တယောက်ကို စစ်ကောင်စီ လက်အောက်ခံ ဟင်္သာတခရိုင် တရားရုံးက  ဒီဇင်ဘာ ၃၀ ရက်မှာ  သေဒဏ်ချမှတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သပြေကုန်းကျေးရွာမှာလူအများက စစ်ကောင်စီ သတင်းပေးလို့ သတ်မှတ်ထားတဲ့  ဝင်းညွှန့်အောင် (ခ)ဂျပ်ကြီးဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ပစ်သတ်ခံရပြီးနောက်  မူလတန်းပြ ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီက ဟင်္သာတအကျဉ်းထောင်မှာ ဖမ်းဆီးထားကာ ပုဒ်မ ၃၀၂ (၁) ခ၊ ၅၀ (စ) ပုဒ်မ စတဲ့ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းဆရာရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက  "သပြေကုန်းက စစ်တပ် သတင်းပေးလို့ နာမည်ကြီးနေတဲ့ ဝင်းညွှန့်အောင်(ခ)ဂျပ်ကြီး  သေနတ်နဲ့ အပစ်ခံရမှုနဲ့ ပတ်သက်ပြီး အဖမ်းခံရတာ။ ဟင်္သာတထောင်ကို ပို့ထားတာ တနှစ်ကျော်ပြီ။ ဒီဇင်ဘာ ၃၀ ရက်နေ့ အားချင်းပဲ သေဒဏ်ချပြီး ပုသိမ်ထောင်ကို ပို့လိုက်တယ်။ မိသားစုဝင်တွေ အံသြနေတယ် အဲ့လောက်ဖြစ်မယ်မထင်ထားဘူး" လို့ ပြောပါတယ်။

သေဒဏ်ချ မှတ်ခံရတဲ့ မူလတန်းပြဆရာ ဦးကောင်းခန့်ကျော်ဟာ မြန်အောင်မြို့နယ် ထိပ်ပုတ်ကုန်း အထက (ခွဲ)မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သပြေကုန်းရွာ ဇာတိဖြစ်ပါတယ်။

3 mins Ago

December 4, 2020

ဟင်္သာတခရိုင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၄ ဦး ရှိလာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းမှာ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၄  ယောက်အထိရှိသွားပြီလို့ ဟင်္သာခရိုင်ဆေးရုံကြီးကနေ  သိရပါတယ်။ ဟင်္သာတခရိုင်မှာ မနေ့ကအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း ၂၃၉ ဦးအထိရှိခဲ့ပြီး သေဆုံးသူ ၄ ယောက်၊ ဆေးရုံဆင်းလူနာ ၁၉၄ ယောက်၊  ဆေးရုံလွှဲပြောင်းပေးခဲ့ရသူ ၃ ယောက်နဲ့ လက်ရှိကုသဆဲလူနာကတော့ ၃၈ ယောက် ကျန်ရှိနေတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဌေးဌေးလှိုင်က ပြောပါတယ်။ ဟင်္သာတမြို့နယ်မှာ ခရီးသွားရာဇဝင်လည်း မရှိ ၊ ပိုးတွေ့လူနာနဲ့ ထိစပ်မှုမရှိသူက အယောက် ၃၀ ဦးရှိပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေကိုကုသပေးဖို့   ဟင်္သာတဆေးရုံမှာ ၂၂  ယောက်၊ သူနာပြု သင်တန်းကျောင်းမှာ ၈၆ ယောက်ထားရှိ ကုသနေပြီး မြို့တော်ခန်းမမှာ ပိုးတွေ့လူနာ အယောက် ၁၃၀ အထိထားနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ လက်သမားမြောက်ရပ်ကျေးအုပ်ချုပ်မှူး ဦးမင်းဆွေက “အခုလို ကျနော်တို့ အထက(၁)မှာ ထားရှိတဲ့ သူတွေကတော့ အနံ့ပျောက်သူကို သတ်သတ်ထားပြီး ရန်ကုန်မှနေရပ်သို့ ပြန်လာသူတွေ ကိုသာ ထားရှိတာဖြစ်တဲ့အတွက် ကျနော်တို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးက အပေါင်းအသင်းတွေနဲ့ နီးစပ်ရာတွေ အလှူခံပြီး အကောင်းဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။ အခုဆို အထက(၁) ကွာရန်တင်းစင်တာမှာ လက်ရှိ ကွာရန်တင်းဝင်နေသူ အယောက်  ၁၆၀ ကျော်ရှိပြီး ဒီကနေ့ ပိုးတွေ့လူနာတွေအထဲမှာ  အသက် ၄ နှစ်အရွယ်နဲ့ ၇ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး ပါဝင်တယ်။ ဟင်္သာတခရိုင်မှာ စက်တင်ဘာ ၇ ရက်ကနေ  ဒီဇင်ဘာ ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း ၂၃၉ ယောက်ထိရှိရာမှာ   ဟင်္သာတမြို့နယ်မှ ၂၀၆ ယောက်၊ တခြားမြို့နယ်တွေက ၃၃ ယောက်ပါဝင်ပါတယ်။ ဟင်္သာတမြို့ပေါ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရသူ  ၁၂၆  ယောက်ရှိတယ်လို့ သိရပါတယ်။ သတင်း - ကိုကြက်
2 years Ago
Up