close

ဟာဗေးဝိန်းစတိန်း

close

February 24, 2023

နာမည်ကြီးရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်း မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၆ နှစ် ထပ်ချခံရ

ဟောလီးဝုဒ် ရုပ်ရှင်လောကမှာ သြဇာလွှမ်းမိုးခဲ့တဲ့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းဟာ ၂၀၁၃ ခုနှစ်က လော့စ်အိန်ဂျလိစ်မြို့မှာ သရုပ်ဆောင်မင်းသမီးတဦး အပေါ် အဓမ္မပြုကျင့်ခဲ့မှုအတွက် ဖေဖော်ဝါရီ ၂၃ ရက်က ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရပါတယ်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလက လော့စ်အိန်ဂျလိစ်မြို့ ဟိုတယ်တခုမှာ ဂျိန်းဒိုး-၁ ဆိုပြီး တရားရုံးက အမည်လွှဲသတ်မှတ်ထားတဲ့ မော်ဒယ်သရုပ်ဆောင်ဟောင်းတဦးအပေါ်  ဝိန်းစတိန်းက လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာ ဖြစ်ပါတယ်။ ဝိန်းစတိန်းက သူ့အနေနဲ့ ဂျိန်းဒိုး-၁ ကို မသိရှိသလို ဒီဖြစ်ရပ်ဟာလည်း ငွေလိုချင်တာကြောင့်သာ လုပ်ကြံဖန်တီးထားတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရားရုံးမှာ ထွက်ဆိုပါတယ်။

ဒါ့အပြင် သူနဲ့ လိင်ပိုင်းဆိုင်ရာ တွေ့ဆုံမှုအားလုံးဟာ ကြည်ကြည်ဖြူဖြူရှိခဲ့ပြီး လော့စ်အိန်ဂျလိစ်အမှုမှာ အပြစ်မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

တရားရုံးမှာ ဝှီးချဲပေါ်ကနေ စကားပြောနေတဲ့ ဝိန်းစတိန်းဟာ တရားသူကြီးကို ထောင်ဒဏ် တသက်တကျွန်း မချမှတ်ဖို့ အသနားခံ တောင်းဆိုခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ် တရားရုံးက အမိန့်ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၁၆ နှစ် အပါအဝင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာလည်း နယူးယောက်တရားရုံးတခုက လိင်ပိုင်းဆိုင်ရာ မလျော်မကန် ပြုမူမှုကြောင့် ဝိန်းစတိန်းကို ထောင်ဒဏ် ၂၃ နှစ်အထိ ချမှတ်ထားပြီး ဖြစ်တဲ့အတွက် အသက် ၇၀ အရွယ် အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူဟာ ကျန်ရှိနေသေးတဲ့ဘဝကို ထောင်ထဲမှာသာ ကုန်ဆုံးရဖို့ရှိပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ နယူးယောက်မြို့ကနေ လော့စ်အိန်ဂျလိစ်မြို့ကို တရားခံအဖြစ် လွှဲပြောင်းရောက်ရှိလာခဲ့တာပါ။

ဝိန်းစတိန်းအပေါ် ကနဦးစွဲချက် ၁၁ ခုအထိ ရှိရာက ၄ ခုကို တရားရုံးတွေက ပယ်ချခဲ့တာကြောင့် ကျန်ရှိနေသေးတဲ့ အမှု ၇ မှုမှာ ၃ မှုအတွက် အပြစ်ရှိကြောင်း လောလောဆယ် အမိန့်ချမှတ်ထားပါတယ်။

ဝိန်းစတိန်းအပေါ် လက်ရှိစွပ်စွဲချက်တွေဟာ မီဒီယာ၊ နိုင်ငံရေးနဲ့ တခြားနယ်ပယ်တွေက သြဇာရှိတဲ့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောဆိုလာအောင် တွန်းအားပေးနိုင်ခဲ့တဲ့ #MeToo လှုပ်ရှားမှုကို ပိုမိုကြီးထွားလာစေခဲ့ပါတယ်။

7 mins Ago

March 23, 2020

ထောင်ကျနေသည့် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ပြီးခဲ့တဲ့လက ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းဟာ ထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရလို့ ဝမ်ဒီအကျဉ်းထောင်မှာ သီးခြားခွဲထားတယ်လို့ တာဝန်ရှိသူတဦးက မတ် ၂၃ ရက်နေ့က ပြောပါတယ်။ လိင်ပိုင်းစော်ကားမှု၊ အဓမ္မပြုကျင့်မှုစွဲချက်တွေနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ၆၈ နှစ်အရွယ် ဝိန်းစတိန်းမှာ ဗိုင်းရပ်စ် တွေ့ရှိခဲ့တာကြောင့် သူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ အကျဉ်းထောင် ဝန်ထမ်းတွေကိုလည်း စိုးရိမ်ရပြီး၊ ဝန်ထမ်းတော်တော်များများကို သီးခြားခွဲထုတ်ထားရတယ်လို့ သိရပါတယ်။ ဝိန်းစတိန်းရဲ့ ရှေ့နေတဦးကတော့ သူ့အမှုသည်ရဲ့အခြေအနေကို အကြောင်းကြားတာ မရှိလို့ စိတ်ပူရတယ်၊ အခြေအနေကို ဆက်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။  ဝိန်းစတိန်းကို ထားရှိတဲ့ ဝမ်ဒီအကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အကျဉ်းသား နှစ်ယောက်ရှိတယ်လို့ နယူးယောက်ပြည်နယ် တာဝန်ရှိသူတဦးကလည်း ရိုက်တာသတင်းဌာနကို အတည်ပြု ပြောကြားထားပါတယ်။
3 years Ago
Up