နာမည်ကြီးရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်း မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၆ နှစ် ထပ်ချခံရ

ဟောလီးဝုဒ် ရုပ်ရှင်လောကမှာ သြဇာလွှမ်းမိုးခဲ့တဲ့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းဟာ ၂၀၁၃ ခုနှစ်က လော့စ်အိန်ဂျလိစ်မြို့မှာ သရုပ်ဆောင်မင်းသမီးတဦး အပေါ် အဓမ္မပြုကျင့်ခဲ့မှုအတွက် ဖေဖော်ဝါရီ ၂၃ ရက်က ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရပါတယ်။
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလက လော့စ်အိန်ဂျလိစ်မြို့ ဟိုတယ်တခုမှာ ဂျိန်းဒိုး-၁ ဆိုပြီး တရားရုံးက အမည်လွှဲသတ်မှတ်ထားတဲ့ မော်ဒယ်သရုပ်ဆောင်ဟောင်းတဦးအပေါ် ဝိန်းစတိန်းက လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာ ဖြစ်ပါတယ်။ ဝိန်းစတိန်းက သူ့အနေနဲ့ ဂျိန်းဒိုး-၁ ကို မသိရှိသလို ဒီဖြစ်ရပ်ဟာလည်း ငွေလိုချင်တာကြောင့်သာ လုပ်ကြံဖန်တီးထားတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရားရုံးမှာ ထွက်ဆိုပါတယ်။
ဒါ့အပြင် သူနဲ့ လိင်ပိုင်းဆိုင်ရာ တွေ့ဆုံမှုအားလုံးဟာ ကြည်ကြည်ဖြူဖြူရှိခဲ့ပြီး လော့စ်အိန်ဂျလိစ်အမှုမှာ အပြစ်မရှိကြောင်း ပြောဆိုခဲ့ပါတယ်။
တရားရုံးမှာ ဝှီးချဲပေါ်ကနေ စကားပြောနေတဲ့ ဝိန်းစတိန်းဟာ တရားသူကြီးကို ထောင်ဒဏ် တသက်တကျွန်း မချမှတ်ဖို့ အသနားခံ တောင်းဆိုခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ် တရားရုံးက အမိန့်ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၁၆ နှစ် အပါအဝင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာလည်း နယူးယောက်တရားရုံးတခုက လိင်ပိုင်းဆိုင်ရာ မလျော်မကန် ပြုမူမှုကြောင့် ဝိန်းစတိန်းကို ထောင်ဒဏ် ၂၃ နှစ်အထိ ချမှတ်ထားပြီး ဖြစ်တဲ့အတွက် အသက် ၇၀ အရွယ် အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူဟာ ကျန်ရှိနေသေးတဲ့ဘဝကို ထောင်ထဲမှာသာ ကုန်ဆုံးရဖို့ရှိပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ နယူးယောက်မြို့ကနေ လော့စ်အိန်ဂျလိစ်မြို့ကို တရားခံအဖြစ် လွှဲပြောင်းရောက်ရှိလာခဲ့တာပါ။
ဝိန်းစတိန်းအပေါ် ကနဦးစွဲချက် ၁၁ ခုအထိ ရှိရာက ၄ ခုကို တရားရုံးတွေက ပယ်ချခဲ့တာကြောင့် ကျန်ရှိနေသေးတဲ့ အမှု ၇ မှုမှာ ၃ မှုအတွက် အပြစ်ရှိကြောင်း လောလောဆယ် အမိန့်ချမှတ်ထားပါတယ်။
ဝိန်းစတိန်းအပေါ် လက်ရှိစွပ်စွဲချက်တွေဟာ မီဒီယာ၊ နိုင်ငံရေးနဲ့ တခြားနယ်ပယ်တွေက သြဇာရှိတဲ့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောဆိုလာအောင် တွန်းအားပေးနိုင်ခဲ့တဲ့ #MeToo လှုပ်ရှားမှုကို ပိုမိုကြီးထွားလာစေခဲ့ပါတယ်။