ဆော်ဒီအာရေဘီးယားနိုင်ငံက အခုနှစ်အတွက် ဟာ့ဂျ်ဘုရားဖူးခရီးသည် ၁ သန်းအထိ ခွင့်ပြုပေးသွားမှာဖြစ်ပြီး တနိုင်ငံလုံး ကိုဗစ်ကန့်သတ်မှု ၂ နှစ် ပြည့်မြောက်ခဲ့ပြီးမှ ပြည်ပ ဘုရားဖူးတွေ ပိုမိုဝင်ခွင့်ပြုခဲ့တာပါ။
ဒီနှစ် မက္ကာကို ဘုရားဖူးလာသူတွေဟာ အသက် ၆၅ နှစ်အောက် ကာကွယ်ဆေးအပြည့် ထိုးပြီးသူတွေသာ ဝင်ခွင့်ပြုမယ်လို့လည်း ဟာ့ဂျ်နဲ့ အွမ်ရာ ဝန်ကြီးဌာနက ကြေညာထားတာပါ။
အစ္စလာမ်ဘာသာအတွက် အရေးကြီးတဲ့ ဟာ့ဂျ်ဘုရားဖူးကို နှစ်စဉ် လူ ၂ သန်းခွဲထိ ခွင့်ပြုထားပေမဲ့ မနှစ်က ကိုဗစ်ကန့်သတ်မှုကြောင့် ပြည်တွင်းဘုရားဖူး ၆ သောင်းနဲ့သာ ကျင်းပခဲ့တာပါ။
နှစ်စဉ်ကျင်းပနေကျ မွတ်စလင်တို့ရဲ့ ဟာ့ဂျ်ဘုရားဖူးရာသီ အစိတ်အပိုင်းအနေနဲ့ ဘုရားဖူးတွေ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို ဇူလိုင် ၁၇ ရက်က ရောက်လာကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် အကန့်အသတ်နဲ့သာ လာခွင့်ပြုထားပါတယ်။
မွတ်စလင်ကမ္ဘာမှာ အရေးအကြီးဆုံး ဗလီရဲ့အလယ်က ခါဘာအဆောက်အအုံ ပတ်လည်မှာ လူချင်းခပ်ခွာခွာနေရင်း ခါဘာ အဆောက်အအုံကို စက်ဝိုင်းပုံ လှည့်ပတ် ဝတ်ပြုဖို့ ရောက်လာတာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဆော်ဒီအာရေဗျဟာ ဒီနှစ်မှာလည်း ကိုဗစ်-၁၉ ကပ်ဘေးကို တုံ့ပြန်တဲ့ အနေနဲ့ ဟာ့ဂျ် ဝတ်ပြုပွဲကို သူ့နိုင်ငံသားတွေနဲ့ ဒေသခံတွေကိုသာ တက်ခွင့်ပြုဖို့ ကန့်သတ်ထားပါတယ်။
ဒီပွဲစဉ်ကို ဘုရားဖူး အယောက် ၆၀၀၀၀ အများဆုံး လာရောက်ဖို့ကိုလည်း ကန့်သတ် ထားပါတယ်။
ကပ်ဘေး မဖြစ်ခင်က အစ္စလာမ်ဘာသာမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ မက္ကာနဲ့ မဒီနာမြို့တွေက ဘာသာရေး အမြင့်မြတ်ဆုံး နေရာတွေကို သီတင်း တစ်ပတ်ကြာ လာရောက်လည်ပတ်သူတွေနဲ့ တစ်နှစ်ပတ်လုံး အမ်ရာဘုရားဖူးဖို့ လာရောက်သူ ၂ ဒသမ ၅သန်း ရှိခဲ့တာပါ။
ဒီအတွက် ဆော်ဒီဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံဝင်ငွေရတယ်လို့ အစိုးရ သတင်းအချက်အလက်တွေက ဆိုပါတယ်။
မွတ်စလင်တွေဟာ သူတို့ဘဝမှာ အနည်းဆုံး တစ်ခါတော့ မက္ကာမြို့ဆီလာပြီး ဟာ့ဂျ် ဘုရားဖူးဖို့ မျှော်လင့်ထားကြတယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။