ပါလက်စတိုင်းက ဟားမတ်စ်အစ္စလာမ္မစ်တွေရဲ့ နယ်မြေထဲမှာ ဒုံးကျည်တွေထုတ်လုပ်ဖို့ အသုံးပြုနေတဲ့ မြေအောက်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ ဖေဖော်ဝါရီ ၁၃ ရက်က ပေါက်ကွဲသံ အတော်များများ ဆူညံနေခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေကလည်း ပြောပါတယ်။
ဂါဇာကနေ နယ်စပ်ကို ဖြတ်ကျော်ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ကို အစ္စရေးက ကြားဖြတ် ပစ်ချခဲ့ပြီးတဲ့နောက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အသေအပျောက်စာရင်းကိုတော့ ချက်ချင်းမသိရသေးပါဘူး။
ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာ ဘယ်သူ့လက်ချက်ဆိုတာကိုတော့ ပါလက်စတိုင်းတွေဘက်က မပြောသေးပါဘူး။
ဟားမတ်စ် အမာခံအဖွဲ့သားတွေဟာ ၂၀၀၇ မှာ ဂါဇာကို ထိန်းချုပ်ခဲ့ပြီး အဲဒီအချိန်တည်းက အစ္စရေးနဲ့ စစ်ပွဲအတော်များများ ဖြစ်ခဲ့တာပါ။
ဂါဇာက အဖွဲ့ငယ်တွေက အစ္စရေးကို တိုက်ခိုက်တဲ့အခါ ယေဘုယျအားဖြင့် အစ္စရေးက ဟားမတ်စ်ကို လက်တုံ့ပြန်လေ့ရှိပါတယ်။
အစ္စရေးမြေပြင်တပ်တွေက ဟားမတ်စ်တွေရဲ့ နယ်စပ်တပ်စခန်းတွေကို တနင်္လာနေ့က ပစ်ခတ်ခဲ့တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂါဇာနယ်စပ်နားက အစ္စရေးမြို့တွေမှာ ဥဩသံတွေ ဆူညံနေပြီး နောက်ထပ် ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ အလားအလာတွေကို သတိပေးနေပါတယ်။
အစ္စရေးက ဂါဇာ ကမ်းမြောင်ဒေသထဲက ဟားမတ်စ်မှတ်တွေကို ဇန်နဝါရီ ၂ ရက် မနေ့မနက် အစောပိုင်းမှာ လက်တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
စနေနေ့က တယ်အာဗက်ကမ်းလွန်ဒေသမှာ ပါလက်စတိုင်းဘက်က ပစ်လွှတ်လိုက်တဲ့ ရော့ကတ်ဒုံးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကို လက်တုံ့ပြန် တိုက်ခိုက်လိုက်တာလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
စနေနေ့က ပစ်ခတ်မှုနဲ့ပတ်သက်လို့တော့ ဂါဇာမှာ အခြေစိုက်တဲ့ ဘယ်စစ်သွေးကြွအဖွဲ့မှ သူတို့ လက်ချက်လို့ ဝန်ခံထားတာ မရှိသလို၊ ပါလက်စတိုင်း ကမ်းမြောင်ဒေသကို လွှမ်းမိုးတဲ့ ဟားမတ်စ် အဖွဲ့ကလည်း ဘာမှတ်ချက်မှ မပေးပါဘူး။
တနင်္ဂနွေနေ့ မနက်ပိုင်း အစ္စရေးဘက် တန်ပြန် ပစ်ခတ်လိုက်တာကြောင့် ထိခိုက်သေဆုံးသူ မရှိဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။
အစ္စရေး စစ်တပ်ဘက်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာ ရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ စခန်းတွေကို တိုက်ခိုက်လိုက်တာလို့ ပြောပါတယ်။
ဟားမတ်စ် ရေဒီယိုကတော့ သူတို့ အဖွဲ့ရဲ့ လုံခြုံရေး စခန်းတွေနဲ့ သင်တန်းတွေ တိုက်ခိုက်ခံလိုက်ရတယ်လို့ ကြေညာပါတယ်။ ထိခိုက်သေဆုံးတဲ့ သတင်းတွေကတော့ ထွက်ပေါ် မလာသေးပါဘူး။ ဟားမတ်စ်အဖွဲ့ဟာ ပင်လယ်ဘက်ကို ရော့ကတ် ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်လေ့ရှိပြီး အစ္စရေးဘက်ကို ကျရောက်တာက စမ်းသပ်မှုမှာ တစုံတရာမှားယွင်းသွားတာကြောင့် ဖြစ်နိုင်တယ်လို့ ဟားမတ်စ် အဖွဲ့နဲ့ နီးစပ်တဲ့ Paltimes သတင်းဌာနက ဆိုပါတယ်။
အစ္စရေး-ဂါဇာ စစ်မြေပြင်မှာ မေလက ပါလက်စ္စတိုင်း ၂၅၃ ယောက် သေဆုံးခဲ့ရတဲ့ ၁၁ ရက်ကြာ စစ်ပွဲပြီးကတည်းက သေနတ်သံတွေ တိတ်ဆိတ်နေခဲ့တာပါ။ မေလက တိုက်ပွဲမှာ ပါလက်စတိုင်းဘက်က ရောကတ်ဒုံးကျည်တွေကြောင့် အစ္စရေးဘက်မှာလည်း လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။