အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ နေ့လယ် ၃ နာရီ ၄၅ မိနစ်လောက်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း ၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနဲ့ မဟာမိတ်တပ်ပေါင်းစုက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အယောက် ၂၀ လောက် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
နအဖခေတ် ဗိုလ်ချုပ်သာအေး တည်ထားခဲ့တဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း ခန္တီးခရိုင်တပ်ရင်း(၁) နဲ့ PDF မဟာမိတ်တပ်တွေက စီးနင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
နောက်တနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက စစ်သုံးရဟတ်ယာဉ်နဲ့ ၃ ကြိမ်လာရောက်ပစ်ခတ်ခဲ့သလို မြေပြင်တပ်တွေနဲ့ ရေလမ်းကပါ ထိုးစစ်ဆင်ရာ တိုက်ပွဲမှာ HPDF -124 အဖွဲ့ဝင် ရဲဘော် ဒုံးကြီး (အသက်၂၇ နှစ်)ဟာ ညနေပိုင်းတိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်ခုတ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ် (SNA) ပူးပေါင်းတပ်တွေ နိုဝင်ဘာ ၁၁ ရက်ကစပြီး ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားကာ ဒေသခံပြည်သူ ၅၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ နယ်ခံ ရှမ်းနီလူငယ်တွေက ပြောပါတယ်။
ဒေသခံ ရှမ်းနီလူငယ်တယောက်က “စစ်ကြောင်းထိုးလာလို့ တိမ်းရှောင်နေရတဲ့ ရွာသူရွာသားဦးရေက ၅၀၀ ကျော်ရှိမယ်။ ပင်ခုတ်နဲ့ တက်ခတ်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်။ တချို့က ချုံထူတဲ့နေရာ တောကောင်းတဲ့ နေရာတွေမှာ အိပ်နေရတယ်။ ထမင်းမစားရတာလည်း များပြီဆိုတော့ ရေရှည်မှာ ကျန်းမာရေးတွေ ထိခိုက်လာနိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီတပ် ပူးပေါင်းစစ်ကြောင်းတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ ပင်ခုတ်ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့နေအိမ် ၂ အိမ် ထိခိုက်ပျက်စီးကာ ရွာသားတယောက် ကြောက်လန့်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
“စစ်ကောင်စီနဲ့ SNA ကပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် လန့်ပြီး ရွာသားတဦးသေလို့ သင်္ဂြိုဟ်ပေးလိုက်ရတယ်။ လူနေအိမ်နှစ်လုံး ပျက်စီးတယ်။ SNA အရာရှိက စစ်ကောင်စီနဲ့ပေါင်းပြီး ရွာသားတွေကို ဒုက္ခရောက်အောင်လုပ်နေတယ်။”
စစ်ကောင်စီတပ်နဲ့ပူးပေါင်း စစ်ကြောင်းထိုးနေတာနဲ့ ပတ်သက်ပြီး SNA ရှမ်းနီတပ်ဖွဲ့က တာဝန်ရှိသူကို ဆက်သွယ်လို့ မရသေးပါဘူး။
ထိုးစစ်တွေကို ဟုမ္မလင်း PDF၊ ခန္တီးခရိုင် PDF တပ်ရင်း-၁ ဟုမ္မလင်း PDF 124၊ မိုးကြိုးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ခုခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဟုမ္မလင်းမြို့နယ် ပင်ခုတ်၊ အိုက်ခွဲ၊ နမ်တယ်၊ နမ်ချေ၊ တက်ခတ် (လမ်းဆုံ) စတဲ့ကျေးရွာတွေက ရွာသားတွေအတွက် စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။