close

ဟုမ္မလင်းမြို့နယ်၌ တိုက်ပွဲကြောင့် ရွာသား ၅၀၀ ကျော် စစ်ဘေးတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်ခုတ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ် (SNA) ပူးပေါင်းတပ်တွေ နိုဝင်ဘာ ၁၁ ရက်ကစပြီး ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားကာ ဒေသခံပြည်သူ ၅၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ နယ်ခံ ရှမ်းနီလူငယ်တွေက ပြောပါတယ်။

ဒေသခံ ရှမ်းနီလူငယ်တယောက်က “စစ်ကြောင်းထိုးလာလို့ တိမ်းရှောင်နေရတဲ့ ရွာသူရွာသားဦးရေက ၅၀၀ ကျော်ရှိမယ်။ ပင်ခုတ်နဲ့ တက်ခတ်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်။ တချို့က ချုံထူတဲ့နေရာ တောကောင်းတဲ့ နေရာတွေမှာ အိပ်နေရတယ်။ ထမင်းမစားရတာလည်း များပြီဆိုတော့ ရေရှည်မှာ ကျန်းမာရေးတွေ ထိခိုက်လာနိုင်တယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီတပ် ပူးပေါင်းစစ်ကြောင်းတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ ပင်ခုတ်ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့နေအိမ် ၂ အိမ် ထိခိုက်ပျက်စီးကာ ရွာသားတယောက် ကြောက်လန့်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

“စစ်ကောင်စီနဲ့ SNA ကပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် လန့်ပြီး ရွာသားတဦးသေလို့ သင်္ဂြိုဟ်ပေးလိုက်ရတယ်။ လူနေအိမ်နှစ်လုံး ပျက်စီးတယ်။ SNA အရာရှိက စစ်ကောင်စီနဲ့ပေါင်းပြီး ရွာသားတွေကို ဒုက္ခရောက်အောင်လုပ်နေတယ်။”

စစ်ကောင်စီတပ်နဲ့ပူးပေါင်း စစ်ကြောင်းထိုးနေတာနဲ့ ပတ်သက်ပြီး SNA ရှမ်းနီတပ်ဖွဲ့က တာဝန်ရှိသူကို ဆက်သွယ်လို့ မရသေးပါဘူး။

ထိုးစစ်တွေကို ဟုမ္မလင်း PDF၊ ခန္တီးခရိုင် PDF တပ်ရင်း-၁ ဟုမ္မလင်း PDF 124၊ မိုးကြိုးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ခုခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဟုမ္မလင်းမြို့နယ် ပင်ခုတ်၊ အိုက်ခွဲ၊ နမ်တယ်၊ နမ်ချေ၊ တက်ခတ် (လမ်းဆုံ) စတဲ့ကျေးရွာတွေက ရွာသားတွေအတွက် စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up