close

ဟူသီအဖွဲ့

close

November 14, 2021

ယီမင်နိုင်ငံ အမေရိကန်သံရုံးစီးနင်းမှု ဟူသီအဖွဲ့ငြင်းဆို

ယီမင်မြို့တော် ဆာနားရှိ အမေရိကန်သံရုံးခြံဝင်းအတွင်းထဲကို ဟူသီပြည်သူ့စစ်အဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဟူသီအကြီးတန်းအရာရှိတွေက ငြင်းဆိုခဲ့ပါတယ်။ 

အမေရိကန်သံရုံးဝန်ထမ်းတွေ ဖမ်းဆီးထိန်းသိမ်းခံရခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး အတည်ပြုခြင်း၊ ငြင်းဆိုခြင်း မပြုဘဲ တရုတ်မီဒီယာအုပ်စု (CMG) နဲ့ ဖုန်းအင်တာဗျူးတွေမှာ စစ်တပ်အရာရှိတွေက ငြင်းဆိုခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၁ ရက်က  ဟူသီတပ်ဖွဲ့တွေဟာ ယီမင်ရှိ အမေရိကန်သံရုံးထဲကို ဝင်ရောက်ကာ သံရုံးဝန်ထမ်း အများအပြားနဲ့ ပိုင်ဆိုင်မှုတချို့ကို သိမ်းပိုက်ခဲ့တယ်ဆိုပြီး အမေရိကန် မီဒီယာပေါင်းစုံက သတင်းတွေတက်လာခဲ့ပါတယ်။

သောကြာနေ့က CMG သတင်းထောက် ရိုက်ကူးထားတဲ့ ရုပ်သံမှာ  အမေရိကန်သံရုံး ပတ်ဝန်းကျင်မှာ သိသာတဲ့ အပြောင်းအလဲ ထူးခြားမှုမရှိဘဲ ပုံမှန်အတိုင်း စည်းစနစ်တကျ သွားလာမှုကို မြင်တွေ့ရပါတယ်။

သံရုံးအနီးအနားမှာ ထူးထူးခြားခြား ဘာမှမမြင်ရ မကြားရသလို လွန်ခဲ့တဲ့ ရက်အတော်ကြာမှ မတွေ့ခဲ့ရဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ 

ယီမင်နိုင်ငံဆိုင်ရာ အမေရိကန်သံတမန်တွေကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ မြို့တော်ဆာနား ကနေ ရွှေ့ပြောင်းခဲ့ပါတယ်။ 

ဒါပေမဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဟူသီသူပုန်အဖွဲ့က မြို့တော်ကို သိမ်းပိုက်လိုက်ပြီးနောက် ပြည်တွင်းဝန်ထမ်း ၄၀၀ လောက် ထွက်ခွာသွားပါတယ်။ 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ အမေရိကန်ဟာ ပြည်တွင်းဝန်ထမ်း ၃၆၀ ကို တာဝန် ထမ်းဆောင်ခြင်းကနေ ဖျက်သိမ်းခဲ့ပါတယ်။ 

ဟူသီပြည်သူ့စစ်အဖွဲ့တွေဟာ နိုင်ငံတကာအသိအမှတ်ပြု သမ္မတ  မန်ဆူဟာဒီရဲ့အစိုးရကို မြို့တော်ဆာနာကနေ မောင်းထုတ်လိုက်ကတည်းက ယီမင်နိုင်ငံဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလကတည်းက ပြည်တွင်းစစ်ထဲ နစ်မြုပ်နေတာဖြစ်ပါတယ်။ 

1 month Ago

December 7, 2020

ဟူသီအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ရေး အမေရိကန်နှင့်အိုမန်ဆွေးနွေး

ယီမင်နိုင်ငံအတွင်းက အီရန်နဲ့ မဟာမိတ် ဟူသီလှုပ်ရှားမှုအဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် နာမည်ပျက်စာရင်းသွင်းရေး အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ထိပ်တန်း သံတမန်နဲ့ ဆွေးနွေးခဲ့တယ်လို့ အိုမန်နိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၅ရက်မှာ ပြောပါတယ်။  ဘာရိန်းနိုင်ငံက ထိပ်သီးဆွေးနွေးပွဲမှာ မူစကတ်မြို့ကို အလည်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးသံတမန် ဒေးဗစ်စချန်ကာ အစဖော်ပေးခဲ့တဲ့ နာမည်ပျက် စာရင်းသွင်းမယ့် ကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းကို သူက တုံ့ပြန်ပြောဆိုလိုက်တာပါ။  “ပဋိပက္ခတရပ်မှာ အဓိက ပါဝင်ပတ်သက်သူကို ပိတ်ဆို့တာ၊ နာမည်ပျက် စာရင်းသွင်း တာကို အခြေခံတဲ့ ပြဿနာ ဖြေရှင်းနည်း ရှိမယ်လို့ ကျနော် မထင်ဘူး။ ဒါဟာ သူတို့ကို ညှိနှိုင်းရေး စားပွဲဆီ ရောက်မလာစေဘူး” လို့ အိုမန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဟာ ၂၀၁၅ တည်းက ယီမင်နိုင်ငံအတွင်း ဆော်ဒီ အာရေဗျဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ကို တိုက်နေတဲ့ ဟူသီအဖွဲ့ကို နာမည်ပျက် စာရင်းသွင်းဖို့ ခြိမ်းခြောက်နေတယ်လို့ သတင်းရင်းမြစ် ၂ ခုက ရိုက်တာ သတင်းဌာနကို အရင်လက ပြောခဲ့ဖူးပါတယ်။  ကုလသမဂ္ဂကတော့ ၂၀၁၈ မှာ ရပ်နေခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ကြိုးစားနေပြီး ဟူသီတပ်ဖွဲ့တွေက မြို့တော် စာနာနဲ့ မြို့ကြီး အများစုကို ထိန်းချုပ်ထားပါတယ်။  ယီမင်ပဋိပက္ခဟာ ဆော်ဒီအာရေဗျနဲ့ အီရန်တို့ရဲ့ ကြားခံအုပ်စုတွေ ကြားက စစ်ပွဲအဖြစ် ဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြပါတယ်။  ယီမင်ပြည်သူ ၈၀ ရာခိုင်နှုန်းကျော်က အကူအညီတွေ လိုအပ်နေလို့ ဟူသီတွေကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်အစိုးရက သတ်မှတ်လိုက်ရင် အသက်ကယ်နေတဲ့ အကူအညီ တွေ ပြည်သူတွေဆီ မရောက်အောင် ဟန့်တာမှာကို ကူညီရေးလုပ်သားတွေက စိုးရိမ်နေကြပါတယ်။
1 year Ago
Up