ဟေတီနိုင်ငံရဲ့မြို့တော် ပို့ထ်အူပရင့်စ်မှာ မတ် ၂၉ ရက်က ဆန္ဒပြသူတွေ လမ်းပေါ် ချီတက်ခဲ့ပြီး လတ်တလောလတွေအတွင်း နိုင်ငံမလုံခြုံမှု တိုးလာတာ အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။
ပြန်ပေးဆွဲတာ၊ သတ်ဖြတ်တာနဲ့ အဓမ္မပြုကျင့်တာတွေ အပါအဝင် ရာဇဝတ်မှုတွေ နေ့တိုင်း ဖြစ်နေတာကို ဆန့်ကျင် ချီတက်ဆန္ဒပြနေကြတာပါ။
ဝန်ကြီးချုပ် အေရီရယ်ဟင်နရီရဲ့ အစိုးရက ရာဇဝတ်မှုလှိုင်းတွေကို ဖြေရှင်းရေး ပိုလုပ်ဖို့ တောင်းဆိုရင်း ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ပြီး အရံအတားတွေကို မီးရှို့ခဲ့ကြပါတယ်။
လက်စ်ကာယက်စ်မြို့မှာတော့ ဆန္ဒပြသူတွေဟာ အမေရိကန် သာသနာပြု အုပ်စုတစုပိုင်တဲ့ အဂါပေ လေကြောင်းလိုင်းက လေယာဉ်တစီးကို မတ် ၂၉ ရက်မှာ မီးရှို့ခဲ့ကြတယ်လို့ ဒေသခံ မီဒီယာတွေနဲ့ အဂါပေအုပ်စု ပြောခွင့်ရက ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ရုပ်သံတွေအရ လေယာဉ်ပေါ်ကို ဆန္ဒပြသူတွေ တွယ်တက်နေပြီး လေယာဉ်ပြေးလမ်းအတိုင်း တွန်းလာတာကို တွေ့ရပါတယ်။ ရဲတွေက သူတို့ကို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ဆန္ဒပြသူတွေဟာ ဟေတီတောင်ပိုင်းကျွန်းဆွယ်က လက်စ်ကာယက်စ်မြို့ လေဆိပ်ထဲကို ဝင်လာခဲ့ကြတယ်လို့ ဟေတီသတင်းစာ လေနူဗေးရိစ်က ရေးပါတယ်။
နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေမှာတော့ ဆန္ဒပြပွဲတွေက ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ အခြေခံဥပဒေ လက်မှတ်ထိုးတဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဟေတီနိုင်ငံမှာ လောင်စာဆီပြတ်လပ်မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေဟာ အောက်တိုဘာ ၂၁ ရက်က မြို့တော် ပို့တ်အောပရင့်စ်ရဲ့ လမ်းတွေကို ပိတ်ဆို့ပြီး ကျောက်တုံးတွေနဲ့ သစ်ပင်သစ်ကိုင်းတွေ၊ တာယာတွေကို မီးရှို့ခဲ့ပါတယ်။
ဟေတီထရပ်ကားသမားတွေက လောင်စာဆီပြတ်လပ်မှုကို ဆန့်ကျင်ဆန္ဒပြဖို့ ကနဦး စီစဉ်ထားပေမဲ့ အောက်တိုဘာ ၂၁ ရက်နေ့ ဆန္ဒပြပွဲတွေကိုတော့ လောင်စာဆီမရှိလို့ အလုပ်မလုပ်နိုင်တဲ့ အတွက် ဒေါသ အကြီးအကျယ်ထွက်နေကြတဲ့ မော်တော်ဆိုင်ကယ်ယာဉ်မောင်းတွေက ဦးဆောင်ခဲ့ ကြပါတယ်။
အာဏာပိုင်တွေဟာ လတ်တလော ရှားပါးနေချိန်အတွင်း ဓာတ်ဆီရှာဖွေဖို့ လုပ်ငန်းအဆင့်အနေနဲ့ လုပ်လေ့လုပ်ထရှိသလို ငါးဂါလံ ဆန့် ကွန်တိန်နာတွေနဲ့လောင်စာရောင်းချတာကို တားမြစ်ခဲ့ ပါတယ်။
ယာဉ်မောင်းတွေဟာမနေ့က မြို့တော်ရဲ့ ဘေးဘက်လမ်းတွေကို လှည့်လည်ဖြတ်သန်း မောင်းနှင်နေကြပြီး အတားအဆီးတွေချထားပြီးနောက်မှာလည်း အတင်းတိုးဝင် ဖြတ်ကျော်သွားလာနေကြပါတယ်။
တခြားသူတွေနဲ့လည်း ဆန္ဒပြသူတွေကို ဖြတ်သန်းခွင့်ပြုဖို့ အခြေအတင် အငြင်းအခုံ ညှိနှိုင်းကြပါတယ်။
ငွေကြေးကျဆင်းမှု၊ ဂဏန်းနှစ်လုံး တန်ဖိုးဖောင်းပွမှု၊ ရာဇ၀တ်မှုတွေ မြင့်တက်လာခြင်းနဲ့ အစိုးရအရာရှိတွေအပေါ် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်တွေအပေါ် ဒေါသထွက်ရတာတွေကြောင့် ကာရစ်ဘီယံကျွန်းနိုင်ငံ ဟေတီမှာ ပြင်းထန်ပြီး တခါတရံ လူသေစေလောက်တဲ့ ဆန္ဒပြပွဲတွေအထိ ဖြစ်ပွားခဲ့ပါတယ်။