ဟေတီနိုင်ငံတွင် ရာဇဝတ်မှုများ အဆုံးသတ်ရေး ဆန္ဒပြ

ဟေတီနိုင်ငံရဲ့မြို့တော် ပို့ထ်အူပရင့်စ်မှာ မတ် ၂၉ ရက်က ဆန္ဒပြသူတွေ လမ်းပေါ် ချီတက်ခဲ့ပြီး လတ်တလောလတွေအတွင်း နိုင်ငံမလုံခြုံမှု တိုးလာတာ အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။
ပြန်ပေးဆွဲတာ၊ သတ်ဖြတ်တာနဲ့ အဓမ္မပြုကျင့်တာတွေ အပါအဝင် ရာဇဝတ်မှုတွေ နေ့တိုင်း ဖြစ်နေတာကို ဆန့်ကျင် ချီတက်ဆန္ဒပြနေကြတာပါ။
ဝန်ကြီးချုပ် အေရီရယ်ဟင်နရီရဲ့ အစိုးရက ရာဇဝတ်မှုလှိုင်းတွေကို ဖြေရှင်းရေး ပိုလုပ်ဖို့ တောင်းဆိုရင်း ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ပြီး အရံအတားတွေကို မီးရှို့ခဲ့ကြပါတယ်။
လက်စ်ကာယက်စ်မြို့မှာတော့ ဆန္ဒပြသူတွေဟာ အမေရိကန် သာသနာပြု အုပ်စုတစုပိုင်တဲ့ အဂါပေ လေကြောင်းလိုင်းက လေယာဉ်တစီးကို မတ် ၂၉ ရက်မှာ မီးရှို့ခဲ့ကြတယ်လို့ ဒေသခံ မီဒီယာတွေနဲ့ အဂါပေအုပ်စု ပြောခွင့်ရက ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ရုပ်သံတွေအရ လေယာဉ်ပေါ်ကို ဆန္ဒပြသူတွေ တွယ်တက်နေပြီး လေယာဉ်ပြေးလမ်းအတိုင်း တွန်းလာတာကို တွေ့ရပါတယ်။ ရဲတွေက သူတို့ကို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ဆန္ဒပြသူတွေဟာ ဟေတီတောင်ပိုင်းကျွန်းဆွယ်က လက်စ်ကာယက်စ်မြို့ လေဆိပ်ထဲကို ဝင်လာခဲ့ကြတယ်လို့ ဟေတီသတင်းစာ လေနူဗေးရိစ်က ရေးပါတယ်။
နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေမှာတော့ ဆန္ဒပြပွဲတွေက ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ အခြေခံဥပဒေ လက်မှတ်ထိုးတဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။