ဟေတီနိုင်ငံမှာ အရင်အပတ်က ရာဇဝတ်ဂိုဏ်းတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိ ၇ယောက် သေဆုံးခဲ့အပြီး ဇန်နဝါရီ ၂၉ရက်မှာ တင်းမာမှုတွေ မယုံကြည်မှုတွေ ဆက်ရှိနေတယ်လို့ ဟေတီ အမျိုးသားရဲတပ်ဖွဲ့နဲ့ ဒေသခံမီဒီယာတို့က ပြောပါတယ်။
လူသတ်သမားတွေကြောင့် အရာရှိတွေက ဦးဆောင်ဆန္ဒပြခဲ့ပြီး လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံကို ခရီးထွက်နေတဲ့ ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ ပြန်ရောက်လာတဲ့ လေဆိပ် ကို သွားတဲ့လမ်းကိုလည်း အတင်းဝင်လာခဲ့ကြတာပါ။ ဝန်ကြီးချုပ် နေအိမ်ကိုတော့ ရဲအစောင့် အကြပ်တွေ ထားထားဆဲပါ။
အထွေထွေရောဂါကုဆေးရုံက အရိုးအထူးကုဆရာဝန် ဆင်မြူယယ် ဂျိုးဖက်က ဆေးရုံရဲ့ အရေးပေါ် တံခါးမှာ လူတစ်ဦးကို လူဆိုးဂိုဏ်းဝင်တွေက ပြန်ပေးဆွဲသွားပြီးနောက် ဟေတီမှာ လုံခြုံရေးက ပြဿနာတစ်ခုပဲလို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ဟင်နရီ အာဏာရလာချိန်က စပြီး ရဲတပ်ဖွဲ့ဝင် ၇၈ ဦး သေဆုံးခဲ့လို့ တစ်လကို ပျမ်းမျှငါးဦးထက်မနည်း သေဆုံးနေတာလို့ ဟေတီလူ့အခွင့်အရေးအဖွဲ့ RNDDH က ပြောပါတယ်။
ရာဇ၀တ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံခြား လျှပ်တပြက် တိုက်ခိုက်ရေး တပ်ဖွဲ့တွေ စေလွှတ်ရေး ကုလသမဂ္ဂက ဆွေးနွေးနေပါတယ်။
ကာလဝမ်းရောဂါပြန်လည်ဖြစ်ပွားလာတဲ့ ဟေတီနိုင်ငံရဲ့ မြို့တော်မှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ရောဂါကုသရေးဌာနတွေဖွင့်လှစ်ခဲ့ပြီး အရေးပေါ်တုံ့ပြန်မှုတရပ်ကို ပံ့ပိုးပေးပါတယ်။
အုပ်စုဖွဲ့ ပိတ်ဆို့တာတွေကြောင့် လောင်စာဆီနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ပြတ်လပ်နေတဲ့ နိုင်ငံအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားမှု တိုးလာနေတာပါ။
လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းဟာ ဆစ်ဆိုလေမြို့ MSF ဆေးရုံမှာ ကာလဝမ်းရောဂါ ကုသရေးစင်တာကို ဖွင့်လှစ်ခဲ့ပြီး ရေဓာတ်ပြန်ဖြည့်တင်းဖို့နဲ့ ဆေးဝါးကုသပေးဖို့ ဆောင်ရွက်နေပါတယ်။
ကာလဝမ်းရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး တရက်ကို လူနာ အယောက် ၄၀ လောက် ကုသရေးစင်တာမှာ လက်ခံကုသပေးနေရတယ်လို့ ဟေတီနိုင်ငံမှာရှိတဲ့ MSF ရဲ့ ဆက်သွယ်ရေးမန်နေဂျာ အဲလက်စ် မားကူက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
“စုစုပေါင်း လူနာ ၂၀၀ လောက် လက်ခံထားနိုင်တယ်၊ သူတို့ရဲ့ လိုအပ်ချက်တွေကို ကုသပေးနိုင်ဖို့ ရွက်ဖျင်တဲ ကိုးခု တပ်ဆင်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အောက်တိုဘာ ၉ ရက်အထိ ဟေတီမှာ နောက်ဆုံး ကာလဝမ်း ရောဂါကြောင့် သေဆုံးသူ ၁၈ ဦး ရှိခဲ့တယ်လို့ Pan American ကျန်းမာရေးအဖွဲ့ (PAHOက အတည်ပြုခဲ့ပါတယ်။