close

ဟောလိဝုဒ်

close

January 25, 2023

ဟောလိဝုဒ်မင်းသမီးကြီး မီရှဲလ်ယို ပါဝင်သည့် ရုပ်ရှင်က အော်စကာဆန်ခါတင် ၁၁ ဆုဖြင့် ဦးဆောင်

အခုနှစ်ရဲ့ ၉၅ ကြိမ်မြောက် အော်စကာအကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ဖို့အတွက် ဆန်ခါတင်ရုပ်ရှင် ဇာတ်ကားတွေ စာရင်းကို ထုတ်ပြန်ကြေညာရာမှာ ဟောလိဝုဒ်စတား မင်းသမီးကြီး မီရှဲလ်ယို ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံ စွန့်စားမှု အက်ရှင်ရုပ်ရှင်ကား - Everything Everywhere All at Once က အော်စကာဆန်ခါတင် ၁၁ ဆုနဲ့ အများဆုံး ဦးဆောင်နေပါတယ်။

သရုပ်ဆောင်မင်းသမီး မီရှဲလ်ယိုဟာ သိပ်မကြာသေးခင်က ဒီကားနဲ့ပဲ ရွှေကမ္ဘာလုံးဆု Musical or Comedy အမျိုးအစားမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားခဲ့တာဖြစ်ပြီး ခုတခါမှာလည်း အော်စကာဆု ဆန်ခါတင်စာရင်းမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအနေနဲ့ ပါဝင်လာခဲ့တာပါ။

Everything Everywhere All at Once ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ဆောင်မင်းသမီးဆုတွေအပါအဝင် ဆုပေါင်း ၁၁ ဆုနဲ့ အများဆုံး ဆန်ခါတင်စာရင်း ဝင်နေခဲ့တာဖြစ်ပြီး သူ့နောက်မှာတော့ All Quiet on the Western Front နဲ့ The Banshees of Inisherin ရုပ်ရှင်တွေက ဆု ၉ ဆုစီနဲ့ အများဆုံး ဆန်ခါတင်စာရင်းမှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။

အကောင်းဆုံး ဇာတ်ကားဆုဆန်ခါတင်စာရင်းမှာတော့ Everything Everywhere All at Once ရုပ်ရှင်နဲ့အတူ All Quiet on the Western Front ၊ Avatar: The Way of Water ၊ The Banshees of Inisherin ၊ Elvis ၊ The Fabelmans ၊ Tár ၊ Top Gun: Maverick ၊ Triangle of Sadness ၊ Women Talking စတဲ့ ဇာတ်ကား ၁၀ ကားတိတိ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါရိုက်တာဆု ဆန်ခါတင်စာရင်းမှာတော့ ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ Steven Spielberg က The Fabelmans ရုပ်ရှင်နဲ့ ပါဝင်လာခဲ့ပြီး သူနဲ့အတူ The Banshees of Inisherin ရုပ်ရှင်ကားရဲ့ ဖန်တီး ရှင် Martin McDonagh ၊ Everything Everywhere All at Once ရုပ်ရှင်ကားဖန်တီးရှင် ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Daniel Kwan, Daniel Scheinert ၊ Tár ရုပ်ရှင်ကား ဒါရိုက်တာ Todd Field နဲ့ Triangle of Sadness ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ Ruben Östlund တို့ ပါဝင်လာခဲ့တာပါ။

အကောင်းဆုံး သရုပ်ဆောင်မင်းသားဆု ဆန်ခါတင်စာရင်းမှာတော့ Elvis ဇာတ်ကားနဲ့ သရုပ်ဆောင်မင်းသား Austin Butler ၊ The Banshees of Inisherin ဇာတ်ကားနဲ့ သရုပ်ဆောင်မင်းသား Colin Farrell ၊ The Whale ရုပ်ရှင်ကားနဲ့ သရုပ်ဆောင်မင်းသား Brendan Fraser ၊ Aftersun ဇာတ်ကားနဲ့ သရုပ်ဆောင်မင်းသား Paul Mescal နဲ့ Living ဇာတ်ကားနဲ့ သရုပ်ဆောင်မင်းသား Bill Nighy တို့ ပါဝင်နေတာ ဖြစ်ပါတယ်။

အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ဆန်ခါတင်စာရင်းမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင် မင်းသမီးကြီး မီရှဲယိုက Everything Everywhere All at Once ရုပ်ရှင်ကားနဲ့ ဆန်ခါတင်စာရင်းထဲ ပါဝင်နေခဲ့ပြီး မင်းသမီးကြီး Cate Blanchett က Tár ရုပ်ရှင်၊ သရုပ်ဆောင်မင်းသမီး Ana de Armas က Blonde ရုပ်ရှင်၊ မင်းသမီး Andrea Riseborough က To Leslie ၊ သရုပ်ဆောင်မင်းသမီး Michelle Williams က The Fabelmans ရုပ်ရှင်တွေနဲ့ အသီးသီး ပါဝင်နေကြတာပါ။

ဒါ့အပြင် အန်နီမေးရှင်းဇာတ်ကားဆု၊ ဖြစ်ရပ်မှန်ဇာတ်ကားဆု၊ အဝတ်အစားဒီဇိုင်း၊ ရုပ်ရှင် တည်းဖြတ်ဆု၊ နိုင်ငံခြားဘာသာဇာတ်ကားဆု၊ မိတ်ကပ်နဲ့ ဆံပင်စတိုင်ဆု၊ ဂီတဆု၊ ထုတ်လုပ်မှု ဒီဇိုင်းဆု၊ ဇာတ်လမ်းတိုဆု၊ အသံတည်းဖြတ်ဆု၊ ဇာတ်ညွန်းဆု စတဲ့ ဆုတွေအတွက် ရွေးချယ်ခံရတဲ့ စာရင်းကိုလည်း ထုတ်ပြန်ထားပြီး လာမယ့် မတ်လ ၁၂ ရက်မှာ ဆုချီးမြှင့်ပွဲကို ကျင်းပသွားမယ်လို့ ဆိုပါတယ်။

5 mins Ago

June 2, 2022

ဟောလိဝုဒ်မင်းသားကြီး ဂျွန်နီဒက်ပ် အမှုအနိုင်ရ

ဟောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့ သူ့ရဲ့ ဇနီးဟောင်း အမ်ဘာဟာ့ဒ်တို့ အပြန်အလှန် တရားစွဲထားကြတဲ့ အမှုမှာ ‌ဂျွန်နီဒက်ပ်က အနိုင်ရသွားပါတယ်။

အမ်ဘာဟာ့ဒ်ဟာ ဂျွန်နီဒက်ပ်အပေါ်  အသရေ ဖျက်မှု ကျူးလွန်တယ်လို့ ဗာဂျီးနီးယားပြည်နယ်တရားရုံး တရားသူကြီးတွေက ဆုံးဖြတ်ပြီး နစ်နာကြေးအဖြစ် ဒေါ်လာ ၁၅ သန်းပေးဖို့ စီရင်ချက်ချလိုက်သလို တချိန်တည်းမှာ ဂျွန်နီဒက်ပ်ဘက်ကလည်း ဇနီးဟောင်းကို ထိခိုက်နစ်နာစေတယ်ဆိုပြီး ဒေါ်လာ ၂ သန်းပေးဖို့ တရားသူကြီးတွေက ဆုံးဖြတ်ပါတယ်။

အပြန်အလှန် တရားစွဲတဲ့ ဒီအမှုမှာအသက် ၅၈ နှစ်အရွယ် ဂျွန်နီဒက်ပ်က ဇနီးဟောင်း အမ်ဘာဟာ့ဒ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတုန်းက ဝါရှင်တန်ပို့စ်သတင်းစာမှာ ရေးသားတာဟာ အသရေဖျက်မှုမြောက်တဲ့အတွက် နစ်နာကြေး သန်း ၅၀ ရလိုမှုနဲ့ တရားစွဲခဲ့ပါတယ်။

ဝါရှင်တန်ပို့စ်သတင်းစာမှာ အမ်ဘာဟာ့ဒ်က ဘယ်သူဘယ်ဝါဆိုတာ နာမည်မဖော်ဘဲ (အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ်စားပြုတဲ့ နာမည်ကြီးတယောက်) လို့ ရေးသားခဲ့ပါတယ်။

ဂျွန်နီဒက်ပ်က သူဟာ ဇနီးဟောင်းကို မပြောနဲ့၊ ဘယ်အမျိုးသမီးကိုမှ အနိုင်ကျင့် စော်တာဖူးတာ မရှိခဲ့ဖူးဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

တချိန်က ဟောလိဝုဒ်မှာ နာမည်အကြီးဆုံးထဲက တယောက်ဖြစ်ခဲ့တဲ့ ဂျွန်နီဒက်ပ်က ဇနီးဟောင်းရဲ့ မဟုတ်မမှန် ရေးသားချက်ကြောင့် သူ့ဘဝမှာ အရာအားလုံး ဆုံးရှုံးသွားခဲ့ရတယ်လို့ တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့ပါတယ်။

သူပြောတဲ့ ဆုံးရှုံးမှုတွေထဲမှာ သူအဓိက နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ် ရုပ်ရှင် "Pirates of the Caribbean"   ဇာတ်ကားသစ် ဆိုင်းငံ့သွားရသလို၊ သူ့ကို "Fantastic Beasts" ဇာတ်လမ်းတွဲကနေလည်း ဖယ်ရှားခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ယောက်ဟာ ၂၀၁၁ ခုနှစ်က "The Rum Diary" ရုပ်ရှင်မှာ တွေ့ဆုံခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး နောက်နှစ်နှစ်အကြာမှာပဲ တရားဝင် ကွာရှင်းခဲ့ကြပြန်ပါတယ်။

တရားခွင်မှာ အသက် ၃၆ နှစ်အရွယ် သရုပ်ဆောင် အမ်ဘာဟာ့ဒ်က သူဟာ တကယ်ကြုံခဲ့တာတွေကို အမှန်အတိုင်းထွက်ဆိုတာ ဖြစ်ပြီး၊ ရေးသားချက်တွေဟာလည်း အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမအကြိမ် ပြင်ဆင်ချက်က ပေးထားတဲ့ အခွင့်အရေးဖြစ်တယ်လို့ ချေပခဲ့ပါတယ်။

အမှုက တလခွဲကြာမြင့်ခဲ့ပြီး တရားသူကြီးတွေဟာ သူတို့ နှစ်ယောက် အတူနေစဉ်က အသံဖမ်းထားတဲ့ မှတ်တမ်းတွေ၊ သူတို့ စုံတွဲအကြောင်းကို သိခဲ့ကြတဲ့ အသိမိတ်ဆွေ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို နားထောင်ခဲ့ကြပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

8 months Ago
Up