ဟောလိဝုဒ်မင်းသားကြီး ဂျွန်နီဒက်ပ် အမှုအနိုင်ရ

ဟောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့ သူ့ရဲ့ ဇနီးဟောင်း အမ်ဘာဟာ့ဒ်တို့ အပြန်အလှန် တရားစွဲထားကြတဲ့ အမှုမှာ ဂျွန်နီဒက်ပ်က အနိုင်ရသွားပါတယ်။
အမ်ဘာဟာ့ဒ်ဟာ ဂျွန်နီဒက်ပ်အပေါ် အသရေ ဖျက်မှု ကျူးလွန်တယ်လို့ ဗာဂျီးနီးယားပြည်နယ်တရားရုံး တရားသူကြီးတွေက ဆုံးဖြတ်ပြီး နစ်နာကြေးအဖြစ် ဒေါ်လာ ၁၅ သန်းပေးဖို့ စီရင်ချက်ချလိုက်သလို တချိန်တည်းမှာ ဂျွန်နီဒက်ပ်ဘက်ကလည်း ဇနီးဟောင်းကို ထိခိုက်နစ်နာစေတယ်ဆိုပြီး ဒေါ်လာ ၂ သန်းပေးဖို့ တရားသူကြီးတွေက ဆုံးဖြတ်ပါတယ်။
အပြန်အလှန် တရားစွဲတဲ့ ဒီအမှုမှာအသက် ၅၈ နှစ်အရွယ် ဂျွန်နီဒက်ပ်က ဇနီးဟောင်း အမ်ဘာဟာ့ဒ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတုန်းက ဝါရှင်တန်ပို့စ်သတင်းစာမှာ ရေးသားတာဟာ အသရေဖျက်မှုမြောက်တဲ့အတွက် နစ်နာကြေး သန်း ၅၀ ရလိုမှုနဲ့ တရားစွဲခဲ့ပါတယ်။
ဝါရှင်တန်ပို့စ်သတင်းစာမှာ အမ်ဘာဟာ့ဒ်က ဘယ်သူဘယ်ဝါဆိုတာ နာမည်မဖော်ဘဲ (အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ်စားပြုတဲ့ နာမည်ကြီးတယောက်) လို့ ရေးသားခဲ့ပါတယ်။
ဂျွန်နီဒက်ပ်က သူဟာ ဇနီးဟောင်းကို မပြောနဲ့၊ ဘယ်အမျိုးသမီးကိုမှ အနိုင်ကျင့် စော်တာဖူးတာ မရှိခဲ့ဖူးဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
တချိန်က ဟောလိဝုဒ်မှာ နာမည်အကြီးဆုံးထဲက တယောက်ဖြစ်ခဲ့တဲ့ ဂျွန်နီဒက်ပ်က ဇနီးဟောင်းရဲ့ မဟုတ်မမှန် ရေးသားချက်ကြောင့် သူ့ဘဝမှာ အရာအားလုံး ဆုံးရှုံးသွားခဲ့ရတယ်လို့ တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့ပါတယ်။
သူပြောတဲ့ ဆုံးရှုံးမှုတွေထဲမှာ သူအဓိက နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ် ရုပ်ရှင် "Pirates of the Caribbean" ဇာတ်ကားသစ် ဆိုင်းငံ့သွားရသလို၊ သူ့ကို "Fantastic Beasts" ဇာတ်လမ်းတွဲကနေလည်း ဖယ်ရှားခံခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့ နှစ်ယောက်ဟာ ၂၀၁၁ ခုနှစ်က "The Rum Diary" ရုပ်ရှင်မှာ တွေ့ဆုံခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး နောက်နှစ်နှစ်အကြာမှာပဲ တရားဝင် ကွာရှင်းခဲ့ကြပြန်ပါတယ်။
တရားခွင်မှာ အသက် ၃၆ နှစ်အရွယ် သရုပ်ဆောင် အမ်ဘာဟာ့ဒ်က သူဟာ တကယ်ကြုံခဲ့တာတွေကို အမှန်အတိုင်းထွက်ဆိုတာ ဖြစ်ပြီး၊ ရေးသားချက်တွေဟာလည်း အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမအကြိမ် ပြင်ဆင်ချက်က ပေးထားတဲ့ အခွင့်အရေးဖြစ်တယ်လို့ ချေပခဲ့ပါတယ်။
အမှုက တလခွဲကြာမြင့်ခဲ့ပြီး တရားသူကြီးတွေဟာ သူတို့ နှစ်ယောက် အတူနေစဉ်က အသံဖမ်းထားတဲ့ မှတ်တမ်းတွေ၊ သူတို့ စုံတွဲအကြောင်းကို သိခဲ့ကြတဲ့ အသိမိတ်ဆွေ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို နားထောင်ခဲ့ကြပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။