ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ကနေ -ဆိုလစယ်- ဒေါတမြေး-ဒေါတမကြီး-ဘော်လခဲကို ဆက်သွယ်ထားတဲ့လမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အမှတ် (၁) ခရိုင် ဒီးမော့ဆိုမြို့နယ်က ကြေညာပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ အများပြည်သူရဲ့ လုံခြုံရေးအတွက် အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ဖေဖော်ဝါရီ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပြီး ခရီးလုံးဝ သွားလာခြင်း မပြုဖို့လည်း တားမြစ်ထားပါတယ်။
ဒီလို ကန့်သတ်ချက်စာကို ကရင်နီပြည်အစိုးရကနေ ထုတ်ပြန်ထားသလိုပဲ လွိုင်ကော် -ဘုရားဖြူလမ်းကို စစ်ကောင်စီဘက်က ဈေးကားတွေ ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဆန်၊ ဆီ၊ ဆားတွေကိုလည်း အကန့်အသတ်လုပ်ပြီးမှ ဖြတ်သန်းစေခိုင်းသလို ဒီးမော့ဆိုဘက်ခြမ်းသွားတဲ့ ဝင်ပေါက်မှန်သမျှကို ရိက္ခာကန့်သတ်မှု စစ်ကောင်စီက တင်းကျပ်လာနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ကရင်နီ(ကယား)ပြည်နယ်ရှိ မြို့နယ် ၇ မြို့ထဲက ၄ မြို့နယ်ဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှားတောမြို့နယ်တို့ စစ်အုပ်ချုပ်ရေး ကြေညာထားပြီးတဲ့နောက် နေ့စဉ် စားသုံးရိက္ခာတွေကို သယ်ယူခွင့် တင်းကျပ်လာတာဖြစ်ပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအဖွဲ့က ဒီလိုသွားလာမှုတွေကို ကန့်သတ်ထားတဲ့အတွက် ဒီးမော့ဆိုမြို့နယ် သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေရဲ့အရေး စိုးရိမ်စရာဖြစ်လာပါတယ်။
ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ကုန်တင်ပို့လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်တင်ပို့မှု ပမာဏ ကျဆင်းလာတယ်လို့ ကုန်သည်ကြီးတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့မှုမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ကုန်တင်ပို့တဲ့လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်တင်ပို့မူပမာဏ ကျဆင်းလာနေပြီး အနာဂတ်တွင် ကုန်တင်ပို့မှု လုံးဝရပ်တန့်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ကုန်သည်ကြီးတွေက ပြောပါတယ်။
မောင်တောမြို့မှ ကုန်သည်ကြီးတဦးက “ကုန်သွယ်မှုလမ်းကြောင်းတွေကနေ ကုန်စည်စီးဆင်းမှု တွေ ပိတ်ထားတော့ ကုန်ကားတွေက မရောက်နိုင်ပါဘူး။ ရောက်လာတဲ့ ကားတွေကလည်း စီးပွားရေးဇုန်လမ်းတွေ မကောင်း၊ အဲဒါကြောင့် တဖက်နိုင်ငံကို ကုန်တင်ပို့နိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်။ အခုဆိုရင် ကုန်ကားတွေတစီးမှ မရောက်လာနိုင်တော့ဘူး ဆိုတော့ ကုန်သွယ်မှု ရပ်တန့်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။
သြဂုတ် ၁၃ ရက်နေ့က စစ်ကောင်စီနဲ့ အေအေတို့ မောင်တော-အငူမော်လမ်းမှာ တိုက်ပွဲပြင်းထန်ပြီးနောက် သြဂုတ် ၁၄ ရက်နေ့ကစပြီး မောင်တောနယ်စပ် ကုန်စည်စီးဆင်းတဲ့ လမ်းတွေအးလုံးကို ပိတ်ထားလိုက်တာပါ။
နယ်စပ်ကုန်သွယ်ရေးမှာ လမ်းပန်းဆက်သွယ်ရေးက အဓိကကျပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့မှုပမာဏမှာ ဇူလိုင်လကထက် ကျဆင်းသွားခဲ့ပြီး လက်ရှိမှာ ကုန်သွယ်မှု လုံးဝရပ်တန့်သွားနိုင်တဲ့ အနေအထား ရှိနေတာပါ။
စစ်တွေ-ဘူးသီးတောင် လမ်းကြောင်းကတဆင့် ဇက်ရေယာဥ်နဲ့ ကုန်တင်ပို့နေတဲ့ ကားသမား တဦးက သူတို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အခုလို ပြောပါတယ်။
“လက်ရှိ ကြုံတွေ့နေရတာက စစ်တွေမြို့၊ ရေချမ်းပြင်ဆိပ်ကမ်းကဖြစ်ဖြစ်၊ ကျားမသောက်ဆိပ်ကမ်းက ဖြစ်ဖြစ် ကုန်တွေ တင်ပို့တဲ့အခါ အနည်းဆုံး ၄ ရက်လောက်ကို စောင့်နေရတယ်။ နယ်လုံလက်မှတ်မကျလို့ စောင့်နေရတာ ရှိတယ်။ အငူမော်ဘက်က သွားလာရတာက အများဆုံးကြာရင် ၂ ရက်လောက်သာ ကြာပါတယ်။ ဘူးသီတောင်က ဘက်ကကျတော့ ၆ ရက်လောက် ကြာသွားတယ်။ အခု ဇက်တွေပါပိတ်မယ်ဆိုတော့ မောင်တောမှာ ပိတ်မိပြီး စားဝတ်နေရေး ကုန်ကျစရိတ်တွေ များပြီး အခက်တွေ့ရမှာပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီက မောင်တော-အငူမော်လမ်းကို အကန့်အသတ်မရှိ ပိတ်ထားတာကြောင့် ကုန်ကား တွေ တင်ဆောင်တဲ့ ဇက်တွေ၊ စစ်တွေ-ဘူးသီးတောင်လမ်းကတဆင့် လာရောက်နေကြရပြီး အခု စက်တင်ဘာ ၅ ရက်နေ့မှစပြီး စစ်တွေ-ဘူးတောင် ဇက်ရေယာဥ်လမ်းကြောင်းပါ ပိတ်တော့မှာမို့ နယ်စပ်ကုန်သွယ်မှု ရပ်တန့်သွားနိုင်ပြီး ကုန်တင်ကားသမားတွေက အခက်အခဲတွေ့နေကြတာပါ။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၂၂ ခုနှစ် မေလမှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၈၃ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ဇွန်လမှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၃၂ သန်း၊ ဇူလိုင်လမှာ ဒေါ်လာ ၁ ဒသမ ၆၅၂ သန်း၊ သြဂုတ်လမှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၄၈၃ သန်းအထိသာ တင်ပို့နိုင်ခဲ့ပြီး တလထက် တလ ကုန်သွယ်မှုပမာဏကျဆင်းနေကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။