close

တိုက်ပွဲကြောင့် မောင်တောလမ်းပိုင်းများ ပိတ်ထားသဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ကုန်တင်ပို့မှုကျဆင်း

ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ကုန်တင်ပို့လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်တင်ပို့မှု ပမာဏ ကျဆင်းလာတယ်လို့ ကုန်သည်ကြီးတွေက ပြောပါတယ်။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့မှုမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ကုန်တင်ပို့တဲ့လမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် နယ်စပ်ကုန်တင်ပို့မူပမာဏ ကျဆင်းလာနေပြီး အနာဂတ်တွင် ကုန်တင်ပို့မှု လုံးဝရပ်တန့်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ကုန်သည်ကြီးတွေက ပြောပါတယ်။

မောင်တောမြို့မှ ကုန်သည်ကြီးတဦးက “ကုန်သွယ်မှုလမ်းကြောင်းတွေကနေ ကုန်စည်စီးဆင်းမှု တွေ ပိတ်ထားတော့ ကုန်ကားတွေက မရောက်နိုင်ပါဘူး။ ရောက်လာတဲ့ ကားတွေကလည်း စီးပွားရေးဇုန်လမ်းတွေ မကောင်း၊ အဲဒါကြောင့် တဖက်နိုင်ငံကို ကုန်တင်ပို့နိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်။ အခုဆိုရင် ကုန်ကားတွေတစီးမှ မရောက်လာနိုင်တော့ဘူး ဆိုတော့ ကုန်သွယ်မှု ရပ်တန့်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။

သြဂုတ် ၁၃ ရက်နေ့က စစ်ကောင်စီနဲ့ အေအေတို့ မောင်တော-အငူမော်လမ်းမှာ  တိုက်ပွဲပြင်းထန်ပြီးနောက် သြဂုတ် ၁၄ ရက်နေ့ကစပြီး မောင်တောနယ်စပ် ကုန်စည်စီးဆင်းတဲ့ လမ်းတွေအး​လုံးကို ပိတ်ထားလိုက်တာပါ။

နယ်စပ်ကုန်သွယ်ရေးမှာ လမ်းပန်းဆက်သွယ်ရေးက အဓိကကျပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့မှုပမာဏမှာ ဇူလိုင်လကထက် ကျဆင်းသွားခဲ့ပြီး လက်ရှိမှာ ကုန်သွယ်မှု လုံးဝရပ်တန့်သွားနိုင်တဲ့ အနေအထား ရှိနေတာပါ။

စစ်တွေ-ဘူးသီးတောင် လမ်းကြောင်းကတဆင့် ဇက်ရေယာဥ်နဲ့ ကုန်တင်ပို့နေတဲ့ ကားသမား တဦးက သူတို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အခုလို ပြောပါတယ်။

“လက်ရှိ ကြုံတွေ့နေရတာက စစ်တွေမြို့၊ ရေချမ်းပြင်ဆိပ်ကမ်းကဖြစ်ဖြစ်၊ ကျားမသောက်ဆိပ်ကမ်းက ဖြစ်ဖြစ် ကုန်တွေ တင်ပို့တဲ့အခါ အနည်းဆုံး ၄ ရက်လောက်ကို စောင့်နေရတယ်။ နယ်လုံလက်မှတ်မကျလို့ စောင့်နေရတာ ရှိတယ်။ အငူမော်ဘက်က သွားလာရတာက အများဆုံးကြာရင် ၂ ရက်လောက်သာ ကြာပါတယ်။ ဘူးသီတောင်က ဘက်ကကျတော့ ၆ ရက်လောက် ကြာသွားတယ်။ အခု ဇက်တွေပါပိတ်မယ်ဆိုတော့ မောင်တောမှာ ပိတ်မိပြီး စားဝတ်နေရေး ကုန်ကျစရိတ်တွေ များပြီး အခက်တွေ့ရမှာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီက မောင်တော-အငူမော်လမ်းကို အကန့်အသတ်မရှိ  ပိတ်ထားတာကြောင့် ကုန်ကား တွေ တင်ဆောင်တဲ့ ဇက်တွေ၊  စစ်တွေ-ဘူးသီးတောင်လမ်းကတဆင့် လာရောက်နေကြရပြီး အခု စက်တင်ဘာ ၅ ရက်နေ့မှစပြီး စစ်တွေ-ဘူးတောင် ဇက်ရေယာဥ်လမ်းကြောင်းပါ ပိတ်တော့မှာမို့ နယ်စပ်ကုန်သွယ်မှု ရပ်တန့်သွားနိုင်ပြီး ကုန်တင်ကားသမားတွေက အခက်အခဲတွေ့နေကြတာပါ။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၂၂ ခုနှစ် မေလမှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၈၃ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ဇွန်လမှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၃၂ သန်း၊ ဇူလိုင်လမှာ ဒေါ်လာ ၁ ဒသမ ၆၅၂ သန်း၊ သြဂုတ်လမှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၄၈၃ သန်းအထိသာ တင်ပို့နိုင်ခဲ့ပြီး တလထက် တလ ကုန်သွယ်မှုပမာဏကျဆင်းနေကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up