မက္ကဆီကိုသမ္မတ အန်ဒရေးစ်မာနျူယယ်လိုပက်ဇ်အိုဘရာဒေါဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီကို အစွမ်းထက် အကိုက်အခဲပျောက် ဓာတုဆေးဝါး Fentanyl တင်ပို့မှုကို ကူညီထိန်းချုပ်ပေးဖို့ စာရေးသားပေးပို့ တိုက်တွန်းလိုက်ပါတယ်။
မကြာသေးခင်က အမေရိကန်လွှတ်တော်အမတ်တွေလာရောက်ခဲ့ပြီး သူတို့က Fentanyl ဆေးဝါးရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နဲ့ဆွေးနွေးဖို့ အဆိုပြုခဲ့ပြီးနောက်မှာ ဒီစာကို မတ်လ ၂၂ ရက် နေ့စွဲနဲ့ တရုတ်သမ္မတဆီကို ရေးပို့ဖြစ်တာလို့ မက္ကဆီကိုသမ္မတက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Fentanyl ကို အလွန်အကျွံသုံးစွဲမှုကြောင့် အမေရိကန်မှာ သေဆုံးမှုတွေ မြင့်တက်လာတဲ့အတွက် အပြစ်တင်ခံနေရပါတယ်။
သူ့စာထဲမှာ လိုပက်ဇ်အိုဘရာဒေါက Fentanyl ကို ဘယ်အချိန်၊ ဘယ်နေရာမှာ ပို့သလဲ၊ ပမာဏဘယ်လောက်နဲ့ ဘယ်သူကနေ ပေးပို့တယ်ဆိုတဲ့ အချက်အလက်ကို မက္ကဆီကို ကို ပေးနိုင်မလားလို့ သမ္မတ ရှီကို မေးမြန်းတောင်းဆိုခဲ့တာပါ။
မက္ကဆီကိုမှာ Fentanyl ဓာတ်ခွဲခန်းတွေ ပေါ်ပေါက်လာခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့နှစ်က တရားဥပဒေစိုးမိုးရေး အဖွဲ့တွေက မူးယစ်ဆေးဝါးကို တခြားအရာတွေနဲ့ ရောစပ်ပြုလုပ်တဲ့ လျှို့ဝှက်ဓာတ်ခွဲခန်း ၁,၄၀၀ နီးပါးကို ဖျက်ဆီးခဲ့ကြောင်းနဲ့ အဲဒီအရောအနှော ၇ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သမ္မတ ရှီကို ပြောပြခဲ့တယ်လို့ လိုပက်ဇ် အိုဘရာဒေါက ပြောပါတယ်။
ဒါပေမဲ့ မက္ကဆီကိုဟာ Fentanyl ကို မထုတ်လုပ်ကြောင်းနဲ့ ဂိုဏ်းတွေက အာရှကနေ တိုက်ရိုက်ဝယ်ယူတာလို့ လိုပက်ဇ် အိုဘရာဒေါက ပြောပါတယ်။
အမေရိကန်မှာ သုံးစွဲတဲ့ မူးယစ်ဆေးဝါးရဲ့ ၃၀ ရာခိုင်နှုန်းကတော့ မက္ကဆီကိုကတဆင့် ဝင်ရောက်ကြောင်း သူ့စာထဲမှာ ပြောထားပါတယ်။ မက္ကဆီကိုနိုင်ငံရှိ တရုတ်သံရုံးကလည်း အဲဒီစာနဲ့ပတ်သက်ပြီး ချက်ချင်း မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။
အမေရိကန်နိုင်ငံအတွင်း အားပြင်းတဲ့ထုံဆေးတမျိုးဖြစ်တဲ့ Fentanyl ထုတ်လုပ်မှု၊ ရောင်းချမှုနဲ့ ကုန်ကူးမှုတွေကို ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၇ ရက်မှာပြောတဲ့ သူ့ရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းအတွင်း တောင်းဆိုလိုက်ပါတယ်။
Fentanyl ဟာ တနှစ်ကို အမေရိကန်နိုင်ငံသား အယောက် ၇၀,၀၀၀ ကျော်ကို သတ်ဖြတ်နေတယ်လို့ ဘိုင်ဒင်က သူ့မိန့်ခွန်းအတွင်း ပြောပါတယ်။
၇၃ မိနစ်ကြာ မိန့်ခွန်းပြောနေချိန်မှာ ရီပတ်ဘလစ်ကန် ပါတီဝင်တချို့က သမ္မတ ဘိုင်ဒင်ကို ကြိမ်ဖန်များစွာ အော်ဟစ်ဝေဖန်ခဲ့ကြပါတယ်။
အကိုက်အခဲပျောက်ဆေးတမျိုးလည်းဖြစ်တဲ့ Fentanyl ကို အလွန်အကျွံသုံးစွဲမှုကြောင့် အသက် ၂၀ အရွယ်သမီးဖြစ်သူ ဒေါက်ဂရစ်ဖင်ကို ဆုံးရှုံးခဲ့ရတဲ့ ဖခင်ဖြစ်သူလည်း အမေရိကန် လွှတ်တော်မှာ ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်လာသူတွေထဲမှာ ပါဝင်ပါတယ်။
ဇန်နဝါရီလက အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေက ထိန်းချုပ်ပြီးနောက် အောက်လွှတ်တော်ရဲ့ ပူးတွဲအစည်းအဝေးမှာ ဘိုင်ဒင် ပထမဆုံးမိန့်ခွန်းပြောရာမှာ အကွဲအပြဲတွေကို ကျော်လွှားဖို့ ခါးခါးသီးသီး ကွဲပြားနေတဲ့ လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်လွှတ်တော် တိုက်ခိုက်ခံရအပြီး ၂၀၂၁ ဇန်နဝါရီ ၆ ရက်မှာ သမ္မတတာဝန်ကို သူ စတင်တာဝန်ယူကတည်းက နိုင်ငံကို ပေါင်းစည်းချင်တယ်လို့ ဘိုင်ဒင်က ပြောခဲ့တာပါ။
အခြေခံအဆောက်အဦ ဥပဒေကြမ်းကို မီးမောင်းထိုးပြပြီး အဲဒီအကြောင်းအရာကို ဆန့်ကျင်တဲ့ ရီပတ်ဘလစ်ကန်အမတ်တွေကို ဘိုင်ဒင်က ထိုးနှက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်မှာ ပိတ်ခဲ့တဲ့ ရိုက်တာသတင်းဌာနရဲ့ သဘောထားစစ်တမ်းတခုထဲမှာ ဘိုင်ဒင်အပေါ် အများပြည်သူထောက်ခံမှုနှုန်းဟာ ၁ ရာခိုင်နှုန်းတိုးလာပြီး ၄၁ ရာခိုင်နှုန်းအထိ ရောက်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား ၆၅ ရာခိုင်နှုန်းက နိုင်ငံဟာ လမ်းကြောင်းမှားပေါ် ရောက်နေတယ်လို့ ယူဆနေကြပါတယ်။