Fentanyl အကိုက်အခဲပျောက်ဆေး တင်ပို့မှု ထိန်းချုပ်ရန် တရုတ်ကို မက္ကဆီကိုသမ္မတ တိုက်တွန်း

မက္ကဆီကိုသမ္မတ အန်ဒရေးစ်မာနျူယယ်လိုပက်ဇ်အိုဘရာဒေါဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီကို အစွမ်းထက် အကိုက်အခဲပျောက် ဓာတုဆေးဝါး Fentanyl တင်ပို့မှုကို ကူညီထိန်းချုပ်ပေးဖို့ စာရေးသားပေးပို့ တိုက်တွန်းလိုက်ပါတယ်။
မကြာသေးခင်က အမေရိကန်လွှတ်တော်အမတ်တွေလာရောက်ခဲ့ပြီး သူတို့က Fentanyl ဆေးဝါးရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နဲ့ဆွေးနွေးဖို့ အဆိုပြုခဲ့ပြီးနောက်မှာ ဒီစာကို မတ်လ ၂၂ ရက် နေ့စွဲနဲ့ တရုတ်သမ္မတဆီကို ရေးပို့ဖြစ်တာလို့ မက္ကဆီကိုသမ္မတက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Fentanyl ကို အလွန်အကျွံသုံးစွဲမှုကြောင့် အမေရိကန်မှာ သေဆုံးမှုတွေ မြင့်တက်လာတဲ့အတွက် အပြစ်တင်ခံနေရပါတယ်။
သူ့စာထဲမှာ လိုပက်ဇ်အိုဘရာဒေါက Fentanyl ကို ဘယ်အချိန်၊ ဘယ်နေရာမှာ ပို့သလဲ၊ ပမာဏဘယ်လောက်နဲ့ ဘယ်သူကနေ ပေးပို့တယ်ဆိုတဲ့ အချက်အလက်ကို မက္ကဆီကို ကို ပေးနိုင်မလားလို့ သမ္မတ ရှီကို မေးမြန်းတောင်းဆိုခဲ့တာပါ။
မက္ကဆီကိုမှာ Fentanyl ဓာတ်ခွဲခန်းတွေ ပေါ်ပေါက်လာခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့နှစ်က တရားဥပဒေစိုးမိုးရေး အဖွဲ့တွေက မူးယစ်ဆေးဝါးကို တခြားအရာတွေနဲ့ ရောစပ်ပြုလုပ်တဲ့ လျှို့ဝှက်ဓာတ်ခွဲခန်း ၁,၄၀၀ နီးပါးကို ဖျက်ဆီးခဲ့ကြောင်းနဲ့ အဲဒီအရောအနှော ၇ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သမ္မတ ရှီကို ပြောပြခဲ့တယ်လို့ လိုပက်ဇ် အိုဘရာဒေါက ပြောပါတယ်။
ဒါပေမဲ့ မက္ကဆီကိုဟာ Fentanyl ကို မထုတ်လုပ်ကြောင်းနဲ့ ဂိုဏ်းတွေက အာရှကနေ တိုက်ရိုက်ဝယ်ယူတာလို့ လိုပက်ဇ် အိုဘရာဒေါက ပြောပါတယ်။
အမေရိကန်မှာ သုံးစွဲတဲ့ မူးယစ်ဆေးဝါးရဲ့ ၃၀ ရာခိုင်နှုန်းကတော့ မက္ကဆီကိုကတဆင့် ဝင်ရောက်ကြောင်း သူ့စာထဲမှာ ပြောထားပါတယ်။ မက္ကဆီကိုနိုင်ငံရှိ တရုတ်သံရုံးကလည်း အဲဒီစာနဲ့ပတ်သက်ပြီး ချက်ချင်း မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။