ပြီးခဲ့တဲ့ရာသီက PFA က ရွေးချယ်တဲ့ အကောင်းဆုံးဘောလုံးသမား စာရင်းမှာ ချန်ပီယံ မန်စီးတီးက ကစားသမား ၃ ယောက်ပဲ ပါဝင်ခဲ့တာဟာ အဓိပ္ပါယ်မရှိတဲ့ရွေးချယ်မှု ဖြစ်တယ်လို့ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ဝေဖန်ပါတယ်။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အစည်းအရုံးလို့ ခေါ်တဲ့ PFA ဟာ ပြီးခဲ့တဲ့ရာသီအတွက် နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ယောက်ရဲ့ စာရင်း ကြေညာခဲ့ပါတယ်။
အဲဒီကစားသမားစာရင်းမှာ ချန်ပီယံ မန်စီးတီးကစားသမား ၃ ယောက်သာ ပါဝင်ခဲ့ပြီး ဒုတိယရတဲ့ လီဗာပူးအသင်းရဲ့ ကစားသမားက ၆ ယောက်အထိ ပါဝင်နေတာ ဖြစ်ပါတယ်။
အဲဒီအပေါ်မှာ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ဝေဖန်ခဲ့ပြီး အဓိပ္ပါယ်မရှိကြောင်းနဲ့ နှစ်တိုင်းမှာ မန်စီးတီးကစားသမား အများဆုံး တကြိမ်မှ မပါခဲ့ဘူးကြောင်း ဝေဖန်ခဲ့တာပါ။
“ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံး လူစာရင်းကို ကြည့်လိုက်ရင် ကျနော်တို့အသင်းက အများဆုံးပါဝင်တယ်ဆိုတာ မရှိခဲ့ဖူးဘူး။ ကျနော်တို့မှာ အကောင်းဆုံးနည်းပြ၊ အကောင်းဆုံး ကစားသမားတွေ မရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ကျနော်တို့က ချန်ပီယံ ၄ ကြိမ် ဖြစ်ခဲ့တာပါ။ ရွေးချယ်မှုက အဓိပ္ပါယ်မရှိပါဘူး” လို့ ဆေးလ်ဗားက ပြောပါတယ်။
PFA အသင်း ကွင်းလယ်မှာ ဒီဘရိုင်း၊ သီယာဂိုတို့နဲ့အတူ ဘာနာဒိုဆေးလ်ဗား ကိုယ်တိုင်လည်း ပါဝင်ပြီး တိုက်စစ် ၃ ယောက်တန်းမှာ ဆာလာ၊ ရော်နယ်ဒိုနဲ့ မာနေးတို့ ရွေးချယ်ခံခဲ့ရပါတယ်။
ပရိသတ်တွေရဲ့စစ်တမ်းတစ်ခုအရ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ရွေးချယ်ခံရပါတယ်။
အွန်နရီဟာ စီရော်နယ်ဒိုနဲ့ အလန်ရှီးယားတို့ကို ကျော်လွန်ပြီး မဲအများဆုံးနဲ့ရွေးချယ်ခံခဲ့ရတာပါ။ အဲဒီသုတေသနစစ်တမ်းကို Betfair နဲ့ YouGov တို့က ဘောလုံးပရိသတ် ၁၀၀၀ ကျော်ကို ဘယ်သူက အကောင်းဆုံးကစာသမားလဲဆိုတာကို မေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့တာပါ။
စစ်တမ်းအရ အွန်နရီက မဲအားလုံးရဲ့ ၁၅ ရာခိုင်နူန်းရရှိခဲ့ပြီး မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ နယူးကာဆယ်တိုက်စစ်မှူး ဟောင်း အလန်ရှီးယားတို့ကိုကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရတာပါ။
အွန်နရီဟာ ၂၀၀၃-၂၀၀၄ ရာသီမှာ ရှုံးပွဲမရှိချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၂၅၈ ပွဲမှာ ၁၇၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
မဲပေးမှုအရ အဆင့် ၄ နေရာမှာ မန်ယူကစားသမားဟောင်း အဲရစ်ကန်တိုနာနဲ့ အဆင့် ၅ နေရာမှာ လစ်ဗာပူးဂန္ထဝင်ကစားသမား စတီဗင်ဂျရတ်တို့ ပါဝင်ပါတယ်။
ထိပ်ဆုံး ၁၀ ဦးစာရင်းထဲမှာတော့ လီဗာပူးက ဆာလာ၊ မန်စီးတီးက ဒီဘရိုင်း တို့လည်းပါဝင်ခဲ့ပါတယ်။