PFA အသင်းတွင် မန်စီးတီးကစားသမား ၃ ဦးသာ ပါဝင်သည့်အပေါ် ဆေးလ်ဗား ဝေဖန်

ပြီးခဲ့တဲ့ရာသီက PFA က ရွေးချယ်တဲ့ အကောင်းဆုံးဘောလုံးသမား စာရင်းမှာ ချန်ပီယံ မန်စီးတီးက ကစားသမား ၃ ယောက်ပဲ ပါဝင်ခဲ့တာဟာ အဓိပ္ပါယ်မရှိတဲ့ရွေးချယ်မှု ဖြစ်တယ်လို့ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ဝေဖန်ပါတယ်။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အစည်းအရုံးလို့ ခေါ်တဲ့ PFA ဟာ ပြီးခဲ့တဲ့ရာသီအတွက် နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ယောက်ရဲ့ စာရင်း ကြေညာခဲ့ပါတယ်။
အဲဒီကစားသမားစာရင်းမှာ ချန်ပီယံ မန်စီးတီးကစားသမား ၃ ယောက်သာ ပါဝင်ခဲ့ပြီး ဒုတိယရတဲ့ လီဗာပူးအသင်းရဲ့ ကစားသမားက ၆ ယောက်အထိ ပါဝင်နေတာ ဖြစ်ပါတယ်။
အဲဒီအပေါ်မှာ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ဝေဖန်ခဲ့ပြီး အဓိပ္ပါယ်မရှိကြောင်းနဲ့ နှစ်တိုင်းမှာ မန်စီးတီးကစားသမား အများဆုံး တကြိမ်မှ မပါခဲ့ဘူးကြောင်း ဝေဖန်ခဲ့တာပါ။
“ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံး လူစာရင်းကို ကြည့်လိုက်ရင် ကျနော်တို့အသင်းက အများဆုံးပါဝင်တယ်ဆိုတာ မရှိခဲ့ဖူးဘူး။ ကျနော်တို့မှာ အကောင်းဆုံးနည်းပြ၊ အကောင်းဆုံး ကစားသမားတွေ မရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ကျနော်တို့က ချန်ပီယံ ၄ ကြိမ် ဖြစ်ခဲ့တာပါ။ ရွေးချယ်မှုက အဓိပ္ပါယ်မရှိပါဘူး” လို့ ဆေးလ်ဗားက ပြောပါတယ်။
PFA အသင်း ကွင်းလယ်မှာ ဒီဘရိုင်း၊ သီယာဂိုတို့နဲ့အတူ ဘာနာဒိုဆေးလ်ဗား ကိုယ်တိုင်လည်း ပါဝင်ပြီး တိုက်စစ် ၃ ယောက်တန်းမှာ ဆာလာ၊ ရော်နယ်ဒိုနဲ့ မာနေးတို့ ရွေးချယ်ခံခဲ့ရပါတယ်။