ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ဝန်ခံခဲ့တာကြောင့် ကာလရှည် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖို့ ရှိပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ အက်ဖ်အေက ချမှတ်ထားတဲ့ လောင်းကစားစည်းမျဉ်း ၂၆၂ ချက်အထိ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးခဲ့တာပါ။
လက်ရှိအချိန်မှာတော့ တိုနေးကိုယ်တိုင်က လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်မိကြောင်း ဝန်ခံခဲ့တာပါ။
အိုင်ဗန်တိုနေးဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း စကမ်သော်ပီ၊ ဝီဂန်၊ ပီတာဘရော့ အသင်းတွေမှာလည်း ကစားခဲ့ပြီး အဲဒီအချိန်ကတည်းက အက်ဖ်အေက ချမှတ်ထားတဲ့ လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက အင်္ဂလန်ကွင်းလယ်လူဟောင်း ဂျိုယေးဘာတန်ဟာလည်း လောင်းကစားစည်းမျဉ်းတွေ ကျူးလွန်ခဲ့လို့ ၁၈ လ ပွဲပယ်ချမှတ်ခံရဖူးပြီး အယူခံဝင်ပြီးနောက် ၅ လပဲ ချမှတ်ခဲ့တာပါ။
တိုနေးအနေနဲ့လည်း ရာသီကုန်ဆုံးချိန်အထိ ပြန်လည်ကစားခွင့် မရှိနိုင်တော့တဲ့အထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ပုလင်းခွံတွေနဲ့ ပစ်ပေါက်ခံခဲ့ရတဲ့ ဒီဘရိုင်းကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အင်္ဂလန်အက်ဖ်အေက လုပ်ဆောင်နေပါတယ်။
မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း လူစားလဲခံရချိန်မှာ ကွင်းဘေးစည်းတလျှောက် ဖြတ်လျှောက်ရင်း အာဆင်နယ်ပရိသတ်တွေက ပုလင်းအခွံတွေ၊ ရေဘူးအခွံတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။
ဒါပေမဲ့ ဒီဘရိုင်းကို ထိမှန်ခြင်းတော့ မရှိခဲ့ပေမဲ့ မသင့်လျော်တဲ့အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတဲ့ အာဆင်နယ် ပရိသတ်တချို့ကို အရေးယူဖို့ အက်ဖ်အေက လုပ်ဆောင်နေတာပါ။
အာဆင်နယ်အသင်းဘက်ကလည်း ပုလင်းခွံနဲ့ ပစ်ပေါက်ခဲ့တဲ့သူတွေကို ရှာဖွေနေပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် ပွဲကြည့်ခွင့်ပိတ်ပင်သွားဖို့ရှိနေပါတယ်။
မန်စီးတီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဒီဘရိုင်းက အာဆင်နယ်နည်းပြ အာတေတာကို လည်း တွန်းထိုးမှုတချို့ လုပ်ဆောင်ခဲ့ပါသေးတယ်။