ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီတခုက အစ္စလာမ္မာဘတ် အထက်တရားရုံးမှာ ဖမ်းဆီးခဲ့ပြီးနောက် ပါကစ္စတန်တဝန်းမှာ မေလ ၉ ရက်က ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါဇင်နဲ့ချီတဲ့ ထောက်ခံသူတွေဟာ ခန်းရဲ့မွေးရပ်မြေ လာဟိုးရ်မှာရှိတဲ့ လမ်းတွေကို ပိတ်ဆို့ထားပြီး ရဲတပ်ဖွဲ့ကိုလည်း သတိပေး တပ်လှန့်ထားပါတယ်။
ဆန္ဒပြသူတွေဟာ ကရာချိဆိပ်ကမ်းမြို့ရှိ အဓိကလမ်းမကြီးကိုလည်း ပိတ်ဆို့ခဲ့ကြောင်း ရိုက်တာ မျက်မြင်သက်သေတွေက ပြောပါတယ်။
စံချိန်တင် ငွေကြေးဖောင်းပွမှုနဲ့ အားအနည်းဆုံး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကနေ သာမန် ပါကစ္စတန်လူမျိုးတွေ ပြန်လည်ရုန်းထလာချိန်မှာ ခန်းကို ဖမ်းဆီးခဲ့တာပါ။
အမျိုးသား တာဝန်ယူမှု/တာဝန်ခံမှု ဗျူရို (NAB) က ခန်းရဲ့ဖမ်းဝရမ်းကို မေလ ၁ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့တာကို ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရပါတယ်။
ခန်းကို စွပ်စွဲထားတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက် အတိအကျကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း မြို့တော်မှာ သူ့ကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က လာမဖမ်းခင်လေးမှာပဲ ထောင်ထဲသွားဖို့ အဆင်သင့်ပဲလို့ မနေ့က သူ့ရဲ့ ပီတီအိုင်ပါတီကနေ လူမှုမီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယာဆင်ဟာ ဝန်ကြီးချုပ်တာဝန်ယူချိန်က စခဲ့တဲ့ လှုံ့ဆော်မှု အစီအစဉ်တွေမှာ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီကို မတ် ၉ ရက်က ရောက်လာခဲ့ပါတယ်။
၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အကြား ၁၇ လကြာ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မူဟစ်ဒင်က စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး နိုင်ငံရေးအငြိုးနဲ့ နှိပ်စက်မှုအဖြစ် ဖော်ပြခဲ့ပါတယ်။
မနှစ်က ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မ်က မူဟစ်ဒင် အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကပ်ဘေးသက်သာရေး အစီအစဉ်တွေ အပါအဝင် ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ အစိုးရစီမံကိန်းတွေဟာ သင့်လျော်တဲ့ လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာထားဘူးလို့ စွပ်စွဲရင်း ပြန်သုံးသပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။
လက်ရှိ အတိုက်အခံခေါင်းဆောင် မူဟစ်ဒင်အပေါ် စွဲချက်တင်တာတွေဟာ အခုနှစ်လယ်ပိုင်း ပြည်နယ်ခြောက်ခုမှာ ကျင်းပမယ့် ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ မတိုင်မီ ထွက်ပေါ်လာပြီး ဝန်ကြီးချုပ်ဟောင်းရဲ့ ညွန့်ပေါင်းအဖွဲ့ဟာ အန်ဝါရဲ့ မဟာမိတ်ကို အပြင်းအထန် စိန်ခေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။