အာဆီယံ အထူးအစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်မှုအပေါ် စိုးရိမ်ကြောင်း အောက်တိုဘာ ၂၇ ရက် အင်ဒိုနီးရှားက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဂျကာတာမှာ ဒီနေ့ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အထူးအစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်သူ ကိုယ်စားလှယ်တွေ မရှိသေးပေမယ့် လွန်ခဲ့တဲ့ ၁၈ လက စစ်အုပ်စုနဲ့ သဘောတူထားတဲ့ အချက် ၅ ချက်ပါ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆွေးနွေးမှာဖြစ်ပါတယ်။
“အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အချက်ငါးချက်ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရရှိခဲ့တဲ့အတွက် စိုးရိမ်မှုတွေနဲ့ စိတ်ပျက်မိပါတယ်။ စိုးရိမ်ရတဲ့အကြောင်းကလည်း ရှင်းလင်းနေပါတယ်၊ တချို့နိုင်ငံတွေဆိုရင် တိုးတက်မှုမရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ဖော်ပြကြပါတယ်” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရန်တို မာဆူဒီက ပြောပါတယ်။
တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်တို မာဆူဒီက မြန်မာစစ်အုပ်စုရဲ့ လောလောလတ်လတ် အကြမ်းဖက်လုပ်ရပ်တွေကို အင်ဒိုနီးရှားက ရှုတ်ချကြောင်း ပြောကြားလိုက်ပြီး မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ 'သက်ဆိုင်သူအားလုံး' နဲ့ ထိတွေ့ဆက်ဆံဖို့ တိုက်တွန်းခဲ့ပါတယ်။
“ကချင်ပြည်နယ်က ဖျော်ဖြေပွဲအတွင်း မြန်မာစစ်အုပ်စုရဲ့ တိုက်ခိုက်မှုကို ရှုတ်ချဖို့ လိုအပ်ပြီး လက်ခံနိုင်စရာ မရှိဘူး။ အင်ဒိုနီးရှားဟာ သေဆုံးသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဝမ်းနည်းမှုနဲ့ စာနာမှုတို့ကို ဖော်ပြလိုပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ လိုပြီး ဒီတောင်းဆိုချက်ကို မြန်မာစစ်တပ်ကို ချက်ချင်းပေးပို့ဖို့ လိုအပ်တယ်ဆိုတာ အင်ဒိုနီးရှားက ပြောကြားလိုက်ပါတယ်။”
သက်ဆိုင်သူအားလုံးရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့သာ အာဆီယံဟာ ဆွေးနွေးပွဲကို အဆင်ပြေချောမွေ့နိုင်မယ်လို့ ယုံကြည်ထားပြီး ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအနာဂတ်အတွက် ဆွေးနွေးနိုင်မယ့် နည်းလမ်းတခု ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်းလည်း အင်ဒိုနီးရှားဝန်ကြီး မာဆူဒီက ပြောပါတယ်။
“မြန်မာနိုင်ငံကပြဿနာကို မြန်မာပြည်သူတွေကပဲ ဖြေရှင်းနိုင်မှာဖြစ်တာကြောင့် သူတို့နဲ့တွေ့ဆုံဆွေးနွေးရေးက အလွန်အရေးကြီးပြီး ဒါမှသာလျှင် အာဆီယံဟာ စည်းရုံးရေးမှူးအဖြစ် သူ့ရဲ့တာဝန်ကို ကျေပွန်နိုင်မှာပါ။”
စစ်တပ်ဟာ မနှစ်က နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချလိုက်ပြီး တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထားကာ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေကို မြင့်တက်လာစေတဲ့ သေမင်းတမန် ဖြိုခွင်းမှုတွေကို စတင်လာတာကြောင့် မနှစ်ကတည်းက မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံအဆင့်မြင့် အစည်းအဝေးတွေကနေ တားမြစ်ထားတာဖြစ်ပါတယ်။
မြန်မာစစ်တပ်က ရွာသားတွေကို မီးရှို့သတ်ဖြတ်ခဲ့တာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကားနဲ့တိုက်တဲ့ ကိစ္စတွေဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောကြားလိုက်ပါတယ်။
“အရင်တပတ်ထဲမှာ စစ်ကိုင်းတိုင်း ဒုန်းတောရွာမှာ စစ်တပ်က ကလေးငယ်တွေအပါအဝင် လူ ၁၁ ယောက်ကို သတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ ကိစ္စ၊ ရန်ကုန်မြို့ ကြည်မြင့်တိုင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူငယ်တွေကို ကားနဲ့ တိုက်တဲ့ကိစ္စတွေဟာ စိတ်ပျက်စရာ၊ ထိတ်လန့်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်”လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုပြောရေးဆိုခွင့်ရှိသူ ရူးပတ်ကိုလ်ဗယ်လီက ဂျီနီဗာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဇင်ဘာ ၇ ရက်က ဒေသခံ ရွာသားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် အထူးစိုးရိမ်ကြောင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတီဖင်ဒူဂျာရစ်ကလည်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ မြန်မာစစ်တပ်က လူ ၁၁ ဦးကို ဝိုင်းပြီး သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန်က ဒေါသထွက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်ကလည်း ပြောကြားပါတယ်။
ကလေးငယ်တွေ အပါအဝင် ရွာသား ၁၁ ဦးကို မြန်မာစစ်တပ်က ကြိုးနဲ့တုပ်ထားပြီး အရှင်လတ်လတ် မီးရှို့သတ်လိုက်တယ်ဆိုတဲ့ ဆိုးရွားပြင်းထန်ပြီး ယုံကြည်ရလောက်တဲ့ သတင်းတွေကြောင့် ကျနော်တို့ ဒေါသထွက်မိပါတယ်လို့ နက်ဒ်ဘပရိုက်စီက ပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ မြန်မာစစ်ဗိုလ်ချုပ်တွေကို အမေရိကန် အစိုးရက အကြိမ်ကြိမ် တောင်းဆိုနေပါတယ်။