close

မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကုလ စိတ်ပျက်၊ အမေရိကန် ဒေါသထွက်

မြန်မာစစ်တပ်က ရွာသားတွေကို မီးရှို့သတ်ဖြတ်ခဲ့တာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကားနဲ့တိုက်တဲ့ ကိစ္စတွေဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောကြားလိုက်ပါတယ်။

“အရင်တပတ်ထဲမှာ စစ်ကိုင်းတိုင်း ဒုန်းတောရွာမှာ စစ်တပ်က ကလေးငယ်တွေအပါအဝင် လူ ၁၁ ယောက်ကို သတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ ကိစ္စ၊ ရန်ကုန်မြို့ ကြည်မြင့်တိုင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူငယ်တွေကို ကားနဲ့ တိုက်တဲ့ကိစ္စတွေဟာ စိတ်ပျက်စရာ၊ ထိတ်လန့်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်”လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုပြောရေးဆိုခွင့်ရှိသူ ရူးပတ်ကိုလ်ဗယ်လီက ဂျီနီဗာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဒီဇင်ဘာ ၇ ရက်က ဒေသခံ ရွာသားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် အထူးစိုးရိမ်ကြောင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ်   ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတီဖင်ဒူဂျာရစ်ကလည်း  ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ မြန်မာစစ်တပ်က လူ ၁၁ ဦးကို ဝိုင်းပြီး သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန်က ဒေါသထွက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်ကလည်း ပြောကြားပါတယ်။ 

ကလေးငယ်တွေ အပါအဝင် ရွာသား ၁၁ ဦးကို မြန်မာစစ်တပ်က ကြိုးနဲ့တုပ်ထားပြီး အရှင်လတ်လတ် မီးရှို့သတ်လိုက်တယ်ဆိုတဲ့ ဆိုးရွားပြင်းထန်ပြီး ယုံကြည်ရလောက်တဲ့ သတင်းတွေကြောင့် ကျနော်တို့ ဒေါသထွက်မိပါတယ်လို့ နက်ဒ်ဘပရိုက်စီက ပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ မြန်မာစစ်ဗိုလ်ချုပ်တွေကို အမေရိကန် အစိုးရက  အကြိမ်ကြိမ် တောင်းဆိုနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up