ပီရူးသမ္မတ ဒီနာဘိုလူအာတာဟာ မူးယစ်ဆေးဝါး အကြမ်းဖက်ဝါဒကို နှိမ်နင်းသွားမယ်လို့ ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ ရဲ ၇ ဦးရဲ့ ဈာပနအခမ်းအနားမှာ ဖေဖော်ဝါရီ ၁၃ ရက်က ကတိပြု ပြောပါတယ်။
“အစိုးရအနေနဲ့ VRAEM နဲ့ နိုင်ငံရဲ့ နယ်မြေတလျှောက်က အကြမ်းဖက်ဝါဒနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ မဟာမိတ်ဖွဲ့ လုပ်ဆောင်နေတာတွေကို ရှေ့တန်းတင် တိုက်ဖျက်သွားဖို့ အမိန့်ပေးလိုက်တယ်” လို့ ဘိုလူအာတာက ပြောပါတယ်။
သေဆုံးမှုတွေ၊ အကြမ်းဖက်မှုတွေ ပိုများလာနေတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒီတာဝန်မှာတော့ ပီရူးရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အပြည့်အဝ ကျောထောက်နောက်ခံ ပေးသွားမှာဖြစ်ကြောင်း ဘိုလူအာတာက အလေးပေး ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၁ ရက်က အရာရှိတွေဟာ ဝေးလံခေါင်သီတဲ့ အန်ဒီယမ်ဒေသနဲ့ VRAEM လို့ သိကြတဲ့ တောတွင်းဒေသကို ဖြတ်သန်းသွားလာချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။
အဲဒီနေရာဟာ နိုင်ငံရဲ့ ကိုကင်း ၄ ပုံ ၃ ပုံလောက် ထုတ်လုပ်တယ်လို့ ယူဆရတဲ့ ဧရိယာတခုဖြစ်ပြီး တရားဝင် ပီရူးကွန်မြူနစ်ပါတီရဲ့ ကွန်မြူနစ်ပြောက်ကျားအဖွဲ့ဖြစ်တဲ့ Shining Path အဖွဲ့က စစ်သွေးကြွအကြွင်းအကျန်တွေနဲ့ မဟာမိတ်ဖွဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားကြတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။
ဒါဟာ ဆယ်စုနှစ်တခုကျော်အတွင်း ရဲတပ်ဖွဲ့ကို အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ကိုလံဘီယာပြီးရင် ပီရူးဟာ ကမ္ဘာပေါ်မှာ ကိုကာရွက်နဲ့ ကိုကင်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။
ပါကစ္စတန်ရေတပ်က အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လေ့ကျင့်ခန်းတွေကို ဖေဖော်ဝါရီ ၁၂ ရက်မှာ ကရာချိဆိပ်ကမ်းမြို့ရဲ့ ကမ်းလွန်မှာ လေ့ကျင့်ခဲ့ပါတယ်။
ဒါဟာ တနှစ်ကို ၂ ကြိမ် ကျင်းပနေကျ နိုင်ငံပေါင်းစုံပါဝင်တဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
အထူးတပ်ဖွဲ့ဝင်တွေဟာ ရဟတ်ယာဉ်တွေ၊ ဂျက်လေယာဉ်တွေပေါ်ကနေ လေထီးနဲ့ ခုန်ချခဲ့ကြပြီး သရုပ်ပြပွဲအတွင်း အကြမ်းဖက်သမားတွေကို ဖမ်းဆီးခဲ့ကြပါတယ်။
စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ အာမန် ၂၃ စစ်ရေးလေ့ကျင့်ခန်းထဲမှာ တရုတ်၊ ဩစတြေးလျ၊ ရုရှား၊ တူရကီ၊ သီရိလင်္ကာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၀ နီးပါးက ဒီနှစ်လေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ကြတယ်လို့ ပါကစ္စတန်မီဒီယာက ထုတ်ပြန်ပါတယ်။
“ဒီလေ့ကျင့်မှုကနေ ရေကြောင်းနယ်ပယ်မှာ အထူးစစ်ဆင်ရေးအားလုံးရဲ့ စွမ်းဆောင်ရည်နဲ့ ကျွမ်းကျင်မှုတွေကို ကမ္ဘာကို ပြသခဲ့ပြီးပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကို ဘယ်လိုတားဆီးနိုင်ခဲ့တယ် ဆိုတာကို ပြသခဲ့ပါတယ်” လို့ ပါကစ္စတန် ရေတပ်ဗိုလ်မှူး ဂျဝဒ် အာမဒ် ခါဝါဂျာက မီဒီယာကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ နိုင်ငံစုံက ပါဝင်သူတွေနဲ့အတူ အကြီးစားလေ့ကျင့်ဖို့ စီစဉ်ထားတယ်လို့ ပါကစ္စတန်မီဒီယာက ဖော်ပြပါတယ်။