ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပန်းချီဆရာမ တယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဇူလိုင် ၂၇ ရက်မှာ မတရားဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ အရေးယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ နွေဦးတော်လှန်ရေးကို အားပေးကူညီတဲ့ ပို့စ်တွေဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပန်းချီဆရာမ ဒေးဒေး (ခ) မရွှန်းစန္ဒာကို သံတွဲမြို့မ ရဲစခန်းမှူးက တရားလိုလုပ် ဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပြီး စစ်ကောင်စီကလည်း ဇူလိုင် ၂၈ ရက် ညပိုင်းမှာ ဒီအကြောင်းကို ထုတ်ပြန်ပါတယ်။
ပန်းချီဆရာမ ဒေးဒေးဟာ ပုံတူပန်းချီကားတွေ၊ ကျောက်တုံးပေါ်မှာ ပန်းချီရေးဆွဲတဲ့ Stone Art ပန်းချီတွေကို အဓိက ရေးဆွဲသူတယောက်ဖြစ်ပြီး ဆူရှီဆိုင်လည်း ဖွင့်လှစ်ထားပါတယ်။
ပန်းချီဆရာမရဲ့ မိတ်ဆွေတယောက်က "မဒေးဒေးက အနေအေးတယ်။ ပွင့်ပွင့်လင်းလင်း စကားပြောတတ်တဲ့သူတယောက်ပဲ။ တခါတလေ သူဖေ့စ်ဘွတ်မှာ (တော်လှန်ရေးနဲ့ပတ်သက်လို့) သူ့ရဲ့ မကျေနပ်ချက်တွေကို တင်တာမျိုးရှိတယ်။ အဲဒါကို ကြည့်မရတဲ့ သူတွေက တိုင်လို့ အဖမ်းခံရတယ်လို့ သိရတယ်" လို့ ပြောပါတယ်။
ပန်းချီဆရာမ ဒေးဒေးဟာ အမေနဲ့ မောင်ဖြစ်သူတို့နဲ့အတူ သံတွဲမြို့ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်ပါတယ်။
မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိရဲ့သားဖြစ်သူ ကိုသဲဟိန်းကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
ကိုသဲဟိန်းကို အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတာပါ။
စစ်ကောင်စီနဲ့ နီးစပ်သူတွေ အဆိုအရ ဖမ်းဆီးရမိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးရဲ့ ထွက်ဆိုချက်ကြောင့် ကိုသဲဟိန်းကို ဖမ်းဆီးရတာလို့ ဆိုပါတယ်။
ရှေ့နေတစ်ဦးဖြစ်တဲ့ ကိုသဲဟိန်းကိုတော့ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ပြီးနောက် ကျိုက်မရော ဗဟိုအကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က ဖမ်းဆီးစဉ် ကိုသဲဟိန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား တစုံတရာ တွေ့ရှိခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိဟာ စစ်တပ် အာဏာသိမ်းပြီးကတည်း သံဖြူဇရပ်မြို့ နေအိမ်မှာ ဆက်လက် နေထိုင်နေတာ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်က သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာ နေအိမ်မှာ လာရောက် ပစ်ခတ် ဖမ်းဆီးပြီး ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။