မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်က စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဒဏ်ရာရရှိကာ ပြည်သူ ၃,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-NSP PDF နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆိပ်ဖြူမြို့နယ်၊ ဘဲကျကျေးရွာကို ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာလို့ အမျိုးသား ၂ ယောက် လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ NSP PDF တာဝန်ခံ ဗိုလ်ဒေးဗစ်က ဒီဗွီဘီကို ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ အသက် ၆၃ နှစ်အရွယ် ဦးအေးဝင်းရဲ့ တင်ပဆုံမှာ လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ဦးအောင်မြင့်စိန်ရဲ့ ဦးခေါင်းနဲ့ ခါးတွေမှာ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
တောင်ရွာမရွာကိုလည်း မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၄၀ အရွယ် ဒေါ်ယဥ်ယဥ် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၅၀ အရွယ် နှလုံးရောဂါသည် အမျိုးသမီးတယောက် သတိမေ့သွားပြီး သူတို့ ၂ ယောက် သေဆုံးတယ်လို့ သတင်းထွက်နေပေမဲ့ စစ်ကြောင်းရှိနေသေးလို့ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဗိုလ်ဒေးဗစ်က ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မြောက်ပိုင်းကို ဖေဖောဝါရီ ၁၃ ရက်ကတည်းက စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်နေလို့ ကျေးရွာ ၇ ရွာလောက်က ဒေသခံပြည်သူ ၃,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဘဲကျကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူအညီ လိုအပ်နေပြီး မိဘပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေတဆင့် ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်တယ်လို့ ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC ကနေ သိရပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက ဒေသခံပြည်သူ ၂ ယောက်ကို PDF သတင်းပေးသူလို့ စွပ်စွဲပြီး စစ်အုပ်စုတွေက ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့နယ် ချောင်းကူးကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၉ နာရီလောက်က ဦးကျော်လှနဲ့ ဒေါ်ယုယုခိုင်တို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့ အင်အား ၂၀ လောက် ရောက်ရှိလာပြီး PDF သတင်းပေးလို့ စွပ်စွဲကာ ဖမ်းဆီးသွားကြတယ်လို့ ချောင်းကူးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
သူတို့က ရွာမှာ အေးအေးဆေးဆေး နေထိုင်သူတွေဖြစ်ပြီး စစ်ကောင်စီရဲ့ သတင်းပေး ဒလန်တွေက မဟုတ်မမှန် လုပ်ကြံသတင်းပေးလို့ ဖမ်းဆီးခံရတာဖြစ်ပြီး ပေါက်မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို နေ့စဥ် ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်ကာ အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီး ငွေညှစ်တာတွေ ပြုလုပ်နေသလို တရားစွဲ ထောင်ချတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ ဖေဖော်ဝါရီ ၁၄ ရက် မနက်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး နွား နှစ်ကောင်သေဆုံးကာ တကောင် ဒဏ်ရာရခဲ့ပါတယ်။
မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေက ဖေဖော်ဝါရီ ၁၄ ရက် မနက် ၅ နာရီလောက်မှာ ၆၀ မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ ကျွဲတွင်းကျေးရွာမှာ ကျရောက်ပေါက်ကွဲကာ နွား ၂ ကောင် လက်နက်ကြီးကျည်ထိမှန် သေဆုံးပြီး ၁ ကောင် ဒဏ်ရာရရှိခဲ့တယ်လို့ ကျွဲတွင်းကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီ ဝက်ပုတ်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်(...)၊ ပျူ(...) တွေက အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဥ် ပစ်ခတ်နေလို့ ပြည်သူတွေ လုံခြုံတဲ့နေရာတွေမှာ ပုန်းအောင်းနေရပြီး ဒေသခံပြည်သူ ၂၈၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်(...)တွေရဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တဲ့ နွားတကောင်ရဲ့တန်ဖိုးက ၁၈ သိန်းဝန်းကျင်လောက် ပေါက်စျေးရှိပြီး ပြည်သူတွေ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေလည်း ဆက်တိုက် ကျူးလွန်နေကြတယ်။”
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးအန္တရာယ်ကို ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အရေးပေါ် အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားနေရပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ဘေးရှောင် ရွာသားတွေဆီကနေ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ပြည်သူပိုင်ပစ္စည်းတွေကို လှည်းတွေနဲ့တိုက်ပြီး ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်ကြင်းစုကျေးရွာနဲ့ ကိုင်းတွင်းရွာကြားမှာ ဖေဖော်ဝါရီ ၁၅ ရက် နေ့ခင်း ၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားတွေ စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရတာလို့ သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ဗိုလ်ဂဠုန်က “စစ်ကောင်စီတပ် ပုလဲမြို့ကနေ ထွက်လာပြီဆိုတာနဲ့ ဒေသခံတွေက တောတောင်တွေထဲ အကုန်ထွက်ပြေးတယ်။ အဲလို ရွာသားတွေထွက်ပြေးတာကို အခွင့်ကောင်းယူပြီး အင်မထီးက ပျူတွေက အင်ကြင်းစုကျေးရွာထဲကို စစ်ကောင်စီစစ်ကြောင်းနဲ့ ပေါင်းလိုက်တယ်။ ပြီးတော့ အင်ကြင်းစုရွာက ပြည်သူပိုင်ပစ္စည်းတွေကို အင်မထီးရွာဘက်ကို လှည်းတွေနဲ့တိုက်ပြီး သယ်သွားတယ်။ ပြောရရင် ပျူတွေ အင်ကြင်းစုရွာက ပြည်သူ့ပစ္စည်းတွေ သယ်တာကို လုံခြုံရေးစောင့်ပေးတာမျိုး ဖြစ်နေတယ်။ ပျူတွေ ပစ္စည်းသယ်တာတွေပြီးတော့ စစ်ကောင်စီစစ်ကြောင်းက ရွာအနောက်ဘက် ထွက်လာတာကို ကျနော်တို့နဲ့ တနာရီကြာလောက် တိုက်ပွဲဖြစ်တယ်။ အထိအခိုက်ကတော့ မသိရဘူးသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အခုတိုက်ပွဲကို ပုလဲဒေသခံ ဒေါင်းညိုအဖွဲ့နဲ့ ဗိုလ်ဂဠုန် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကျော်ရွာအုပ်စုထဲက ရွာစည်ရွာသာကျေးရွာနဲ့ တောင်စည်းကျေးရွာက ဒေသခံနေအိမ် ၇ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်မနက်ပိုင်းက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ဘက်ကနေ ကလေးမြို့ဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေး-ဂန့်ဂေါ လမ်းမပေါ် ရွာစည်ရွာသာကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမိုင်းဆွဲမှုမတိုင်ခင် ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ပွဲ အချိန်မရွေး ဖြစ်သွားနိုင်တာကြောင့် ကျေးရွာခံတွေ ရွာထဲမှာမနေကြဖို့ ပြောတဲ့အတွက် ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေကို ကြိုတင်တိမ်းရှောင်နိုင်ခဲ့တယ်လို့ ရွာစည်ရွာသာမှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
“ရွာအနီးက PDF တွေက ကြိုရှောင်ခိုင်းလို့ ရှောင်ကြတယ်။ ကျမတို့ ရွာထဲကနေ ရှောင်ပြီး သိပ်မကြာဘူး၊ လက်နက်ကြီးသံတွေ၊ ပစ်ခတ်သံတွေ ကြားရတော့တာ။ အသံကြားရပြီး ရွာထဲက မီးခိုးလုံးတွေ မြင်ရတော့တာ။ သူတို့ပြန်သွားပြီဆိုမှ ညနေပိုင်း ရွာထဲကို ပြန်ဝင်ကြတာ။ ရွာထဲက လမ်းမဘေးက နေအိမ် ၆ လုံး မီးရှို့ခံရတယ်။ တောင်စည်းရွာက တလုံး ရှို့ခံရတယ်။ ကျမတို့ ကျော်ရွာအုပ်စုမှာ ပထမဆုံးအကြိမ် မီးရှို့ခံရတာပါ။ အရင်က ဖြစ်စဉ်မရှိခဲ့ပါဘူး။”
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ရွာစည်ရွာသာကျေးရွာက နေအိမ် ၆ လုံးနဲ့ တောင်စည်းကျေးရွာက နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသခံတွေအတွက် နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ ကျော်ရွာအုပ်စုကျေးရွာက တောင်စည်းရွာအနီးမှာ ဖေဖော်ဝါရီ ၆ ရက်ကလည်း စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။
ကလေးနယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ငြိမ်သက်နေတာ ၈ လကျော်အကြာမှာ ဒုတိယအကြိမ် ပြန်လည်ဆင်နွှဲလာတဲ့ တိုက်ပွဲဖြစ်ပြီး အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်တွေကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၁ နှစ်ခွဲကျော် ဒီနေ့အထိ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီး ချုပ်နှောင်ခံရသူပေါင်း ၁၃,၀၁၅ ယောက်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
အဲဒီထဲက ၁,၆၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပြီး တော်လှန်ရေးနဲ့ ဆက်စပ်လို့ သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပါတယ်။
မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၉၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီစာရင်းမှာ ဒီကနေ့ အမျိုးသားနေ့ အထိမ်းအမှတ် ပြန်လွတ်လာသူတွေကတော့ မပါဝင်သေးပါဘူး။
အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၆၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၂၃၂ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီ) ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရကာ ရာဇသတ် ကြီးပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့လည်း စွဲချက်တင်ခံထားရပြီး မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရပြီး ၃ လ အတွင်း လေဖြန်းတာကြောင့် ထောင်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။
သူ့ကို စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့် ဦးနှောက်မှာ အကြိတ်တည်တယ်လို့ ယူဆရပြီး ကျန်းမာရေး စစ်ဆေးဖို့ မိသားစုက ဆေးကုသခွင့် လျှောက်ထားခဲ့ပေမယ့် မရရှိခဲ့ဘူးလို့ သိရပါတယ်။ မဝတ်ရည်အောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး အောက်တိုဘာ ၂၄ ရက်မှာတော့ အင်းစိန်အကျဉ်းထောင်ဆီ ပြန်လည် ပြောင်းရွှေ့ခံခဲ့ရတာ ဖြစ်ကာ လက်ရှိမှာတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး အချိန်ကြာမြင့်စွာ မကြာခဏ သတိလစ်နေတယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။