close

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဉ်းသား ၁၃,၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၁ နှစ်ခွဲကျော်  ဒီနေ့အထိ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီး ချုပ်နှောင်ခံရသူပေါင်း  ၁၃,၀၁၅ ယောက်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

အဲဒီထဲက ၁,၆၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပြီး တော်လှန်ရေးနဲ့ ဆက်စပ်လို့ သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၉၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီစာရင်းမှာ   ဒီကနေ့ အမျိုးသားနေ့ အထိမ်းအမှတ် ပြန်လွတ်လာသူတွေကတော့ မပါဝင်သေးပါဘူး။ 

အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၆၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၂၃၂ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီ)  ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရကာ ရာဇသတ် ကြီးပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့လည်း စွဲချက်တင်ခံထားရပြီး မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရပြီး ၃ လ အတွင်း လေဖြန်းတာကြောင့် ထောင်‌ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့ကို စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့် ဦးနှောက်မှာ အကြိတ်တည်တယ်လို့ ယူဆရပြီး ကျန်းမာရေး စစ်ဆေးဖို့ မိသားစုက ဆေးကုသခွင့် လျှောက်ထားခဲ့ပေမယ့် မရရှိခဲ့ဘူးလို့ သိရပါတယ်။ မဝတ်ရည်အောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး အောက်တိုဘာ ၂၄ ရက်မှာတော့ အင်းစိန်အကျဉ်းထောင်ဆီ ပြန်လည် ပြောင်းရွှေ့ခံခဲ့ရတာ ဖြစ်ကာ လက်ရှိမှာတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး အချိန်ကြာမြင့်စွာ မကြာခဏ သတိလစ်နေတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up