မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်း၊ ခင်စောမူကွေ့ရှိ အမှတ် (၁၁) ရဲစခန်းအနီးမှာ နိုဝင်ဘာ ၁ ရက် ဒီမနက် ၁၀ နာရီဝန်းကျင်က အချုပ်ကား တစီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
အချုပ်ကားဟာ ချမ်းမြသာစည်မြို့နယ်တရားရုံးကို အချုပ်သားပို့ပြီးအပြန်မှာ ဗုံးနဲ့ထု တိုက်ခိုက်ခံရတာဖြစ်ပြီး ကားမောင်းတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် နှစ်ယောက်နဲ့ ဆိုင်ကယ် စီး အရပ်ဝတ်ရဲ တယောက် ထိခိုက်ဒဏ်ရာရလို့ လူနာတင်ယာဉ်နဲ့ တင်ခေါ်သွားတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့ Vomdy က ထုတ်ပြန်ထားပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတွေက သေနတ်ပစ်ဖောက်ခဲ့သလို အနီးပတ်ဝန်းကျင်မှာလည်း ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် မနက် ၆ နာရီကျော်ကလည်း အောင်မြေသာစံမြို့နယ် ၁၂ လမ်းနဲ့ ၈၈ လမ်း အနီးမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ အယောက် ၃၀ လောက်ပါလာတဲ့ Double cup တစ်စီး၊ Faw ကားတစ်စီးနဲ့ ရဲကားတစ်စီး တို့ကို Generation Z Power- GZP(Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်တံတားအနီးမှာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေ တင်ဆောင်လာတဲ့ အချုပ်ကားကို မဟာမိတ် မြို့ပြပြောက်ကျား အဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး အကျဉ်းသား ၁ ေယာက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Truth Keeping Force - Amarapura က ထုတ်ပြန်ထားပါတယ်။
အမရပူရမြို့နယ်နေ ပြည်သူတယောက်က “ပထမတော့ အချုပ်သားတွေက ရဲကိုချပြီး ထွက်ပြေးတယ်ဆိုပြီး ကြားတာ။ သေချာစုံစမ်းကြည့်မှ မြို့ပြပြောက်ကျားတွေက လုပ်တာဆိုတာ သိတာ။ မနက်ကတော့ မြစ်ငယ်စက်ကွေ့နားမှာ အစစ်အဆေးတွေရှိတယ်” လို့ ပြောပါတယ်။
အကျည်းသား ၈ ယောက် ထွက်ပြေးခဲ့ပေမဲ့ ၆ ယောက် ပြန်ဖမ်းဆီးခံလိုက်ရပြီး ၂ ယောက် လွတ်မြောက်ခဲ့ကာ လုံခြုံရာကို ပို့ဆောင်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။