အင်ဒီယားနားပြည်နယ် အီဗန်စ်ဗီးလ်ရှိ ရပ်ကွက်တခုမှာ ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးပြီး နေအိမ် ၃၉ လုံး ပျက်စီးခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် စာရင်းမထည့်ရသေးတဲ့ တခြားသေဆုံးသူတွေ ရှိနိုင်တယ်လို့ အီဗန်စ်ဗီးလ် မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် နေအိမ် ၃၉ လုံး ပျက်စီးခဲ့ပြီး ၁၁ လုံးမှာ လူနေထိုင်လို့ မရတော့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒေသခံတွေကို နယ်မြေရှင်းလင်းရေး လုပ်ထားဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် လာဖှေးယက်ထ်မြို့မှာ အိမ်မီးလောင်နေမှုထဲကနေ မိသားစုကို ဆွဲထုတ်ကယ်တင်ခဲ့တဲ့ ပီဇာပို့သူရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကို အင်ဒီယားနား မီးသတ်အကြီးအကဲက ချီးကျူးခဲ့ပါတယ်။
ဇူလိုင် ၁၁ ရက်နေ့ ညသန်းခေါင်ကျော်လေးမှာ အသက် ၂၅ နှစ်အရွယ် ပီဇာပေးပို့သူ နစ်ခ် ဘော့စ်တစ်ခ်ဟာ ကားမောင်းနေရင်း မီးလောင်နေတဲ့အိမ်ကို သတိထားလိုက်မိခဲ့ရာက သူ့ဗီဇအရ ချက်ချင်းပဲ မီးတောက်တွေဆီ ပြေးဝင်သွားခဲ့တာပါ။
သူ အိမ်ထဲကို ဝင်လိုက်တာနဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ နောက်ထပ် ၃ ဦး အသက် ၁၄ နှစ်အရွယ်၊ ၁၃ နှစ်အရွယ်နဲ့ ၂ နှစ်အရွယ်တို့ကို တွေ့ရှိခဲ့ပြီး သူတို့ကို အပြင်ကို ပို့ပေးခဲ့တယ်လို့ ဘော့စ်တစ်ခ်က လာဖှေးယက်ထ် မီးသတ်ဌာနကို ပြောကြားခဲ့ပါတယ်။
အဲဒီအချိန်မှာ ဘော့စ်တစ်ခ်က ၆ နှစ် အရွယ် မိန်းကလေးတစ်ဦး မီးလောင်နေတဲ့ အိမ်ထဲမှာ ရှိနေကြောင်း သိရတာကြောင့် သူဟာ မီးခိုးတွေအိုင်နေတဲ့ အိမ်ထဲကို တခါပြန်ပြေးဝင်သွားခဲ့ကြောင်း လာဖှေးယက်ထ် မီးသတ်ဌာနရဲ့ မီးဘေးကာကွယ်ရေး လက်ထောက်အကြီးအကဲ ဘရိုင်ယန် အလ်ကိုင်းရားက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“သူက ရှေ့ကိုသွားပြီး မီးခိုးငွေ့တွေကနေ ကာကွယ်ဖို့ သူ့အင်္ကျီကို သူ့မျက်နှာပေါ်ဆွဲတင်လိုက်တယ်။ မျက်လုံးတွေကိုမှိတ်ပြီး အောက်ကို ဆင်းသွားတယ်။ ၆ နှစ်သမီးလေးရဲ့ အသံနောက်ကိုလိုက်ပြီးတော့မှ ကြမ်းပြင်ပေါ်မှာ ရှာတွေ့နိုင်ခဲ့တယ်။”
အဲဒီကနေ ဘော့စ်တစ်ခ်ဟာ ၆ နှစ်သမီးလေးကို ဒုတိယထပ် ပြတင်းပေါက်တခုကို ချီခေါ်သွားခဲ့ပြီး အဲ့ဒီကနေ ဘေးလွတ်ရာကို ခုန်ချခဲ့တာပါ။
“သူ့လုပ်ဆောင်ချက် မရှိရင် ၆ နှစ်သမီးလေးလည်း ဒီနေ့ ရှိတော့မှာ မဟုတ်ဘူး” လို့ အလ်ကိုင်းရား က ဆိုပါတယ်။
ဘော့စ်တစ်ခ်ဟာ ဇူလိုင် ၁၃ ရက်မှာ ဆေးရုံကနေ ပြန်ဆင်းခဲ့ပါတယ်။ ဘော့စ်တစ်ခ်ရဲ့ ဝမ်းကွဲကနေ စီစဉ်တဲ့ GoFundMe ရန်ပုံငွေမှာ အလှူငွေ ဒေါ်လာ ၄၉၂,၀၀၀ ကျော် ရရှိခဲ့ပြီး နဂိုရည်မှန်းထားတဲ့ ဒေါ်လာ ၁ သိန်းထက် ၅ ဆ နီးပါး ပိုရခဲ့ပါတယ်။
မီးသတ်သမားတွေ မရောက်သေးတဲ့နေရာတွေမှာ အရပ်သားပြည်သူတွေကလည်း သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နိုင်ပါတယ်လို့ အလ်ကိုင်းရားက ပြောကြားခဲ့ပါတယ်။