ဩစတြေးလျနဲ့ စင်ကာပူအခြေစိုက်ဘဏ်တွေဟာ အကြမ်းဖက်မြန်မာစစ်တပ်ပိုင် အင်းဝဘဏ်နဲ့ အကြိမ်ပေါင်း ၂၀,၀၀၀ နီးပါး ငွေလွှဲခဲ့ကြတယ်လို့ Justice For Myanmar က ထုတ်ဖော် ရေးသားလိုက်ပါတယ်။
Distributed Denial of Secrets က ထုတ်ပြန်လိုက်တဲ့ စစ်တပ်ပိုင် အင်းဝဘဏ်ရဲ့ မှတ်တမ်းဖိုင်တွေအရ နော်ဝေးနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ရိုးမဘဏ်လည်း ပါဝင်ပတ်သက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီမှတ်တမ်းဖိုင်ထဲမှာ ငွေလွှဲမှတ်တမ်းပေါင်း ၂၀,၀၀၀ နီးပါး ပါဝင်ပြီး ဩစတြေးလျနိုင်ငံ အခြေစိုက် ANZ ဘဏ်၊ စင်ကာပူနိုင်ငံအခြေစိုက် UOB ဘဏ်တို့ဟာ အင်းဝဘဏ်နဲ့ ငွေလွှဲခဲ့ကြတာကို ဖော်ပြထားပါတယ်။
ဩစတြေးလျနဲ့ စင်ကာပူနှစ်နိုင်ငံတို့က စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ငြင်းဆိုထားပြီး အဲဒီဘဏ်တွေကို အင်းဝဘဏ်နဲ့ မြန်မာကျပ်ငွေနဲ့ ငွေလွှဲပေးပို့မှုတွေလုပ်ဖို့ ခွင့်ပြုထားပါတယ်။
အခုတော့ မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေ ပိုမိုဆိုးဝါးလာနေတာနဲ့အမျှ မြန်မာစစ်တပ်အပေါ် စီးပွားရေးပိတ်ဆို့တာတွေ ထပ်လုပ်ဖို့ ဩစတြေးလျက စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက ပြောထားပါတယ်။
အင်းဝဘဏ်ဟာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတွေ ထိန်းချုပ်ထားတဲ့ ဘဏ်နှစ်ခုထဲက တခုဖြစ်ပြီး စစ်တပ်လစာတွေပေးဖို့နဲ့ စစ်တပ်စီးပွားရေးကွန်ရက်တွေ ပံ့ပိုးကူညီပေးဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ အင်းဝဘဏ်ဟာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ သူတို့ရဲ့ ကုမ္ပဏီခွဲတွေနဲ့ ပိုင်ရှင်တွေကို နိုင်ငံတကာဘဏ္ဍာရေးစနစ်ကို အသုံးပြုခွင့်ပေးပြီး စစ်တပ်ရဲ့ အကျိုးစီးပွားအဓွန့်ရှည်စေရေး အဓိကအခန်းကဏ္ဍတရပ်ကနေ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
အင်းဝဘဏ်မှတ်တမ်းဖိုင်တွေမှာ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ တာဝန်ရှိတဲ့ တိုင်းစစ်ဌာနချုပ်တွေရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အကြား ငွေလွှဲထားတာတွေကို ဖော်ပြနေပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ မြန်မာစစ်တပ်တို့အကြား အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်လုပ်ကိုင်မှု အထောက်အထားကိုလည်း ဖော်ပြထားပါတယ်။
အဲဒီငွေလွှဲပေးပို့မှုတွေမှာ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ အမှတ် (၉၆၂) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ၊ အမှတ် (၉၆၁) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ အမှတ် (၉၅၈) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲတွေဆီ ငွေလွှဲပေးပို့မှုတွေ ပါဝင်ပါတယ်။
ဒါ့အပြင် အင်းဝဘဏ်မှတ်တမ်းတွေမှာ မြန်မာဘဏ်တခုဖြစ်တဲ့ ရိုးမဘဏ်နဲ့ အကြိမ် ၂၀၀ ကျော် ငွေလွှဲထားတာလည်းပါဝင်ပြီး ရိုးမဘဏ်မှာ နော်ဝေဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းဖြစ်တဲ့ Norfund၊ စင်ကာပူနိုင်ငံပိုင် ဓနရံပုံငွေနဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာနိုင်ငံအတွင်းက ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အင်းဝဘဏ်နဲ့ တခြားသော မြန်မာစစ်တပ်စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုတွေကို ချက်ချင်းဖြတ်တောက်ဖို့ ကျမတို့ တောင်းဆိုပါတယ်။ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နိုင်ဖို့ အင်းဝဘဏ်က အားပေးကူညီနေတာဖြစ်ပါတယ်၊ ANZ, UOB, BIDV နဲ့ တခြားဘဏ်တွေအနေနဲ့ အင်းဝဘဏ်နဲ့ စီးပွားရေးဆက်လုပ်နေတာဟာ ခွင့်လွှတ်နိုင်ဖွယ်ရာမရှိတဲ့ကိစ္စတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါကြောင့် သူတို့အနေနဲ့ သူတို့ရဲ့နိုင်ငံတကာလူ့အခွင့်အရေးတာဝန်တွေနဲ့အညီ အင်းဝဘဏ်နဲ့ ဆက်ဆံရေးကို ချက်ချင်းအဆုံးသတ်တာ၊ ဒါမှမဟုတ် မြန်မာနိုင်ငံကနေ ထွက်ခွာတာကို မဖြစ်မနေ လုပ်ကြရမယ်လို့လည်း သူက ဆိုပါတယ်။
“အခုတွေ့ရတဲ့ MEC နဲ့ ငွေလွှဲမှတ်တမ်းတွေက တရားမဝင်မြန်မာစစ်ကောင်စီနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေအပေါ် သြစတြေးလျနဲ့ စင်ကာပူအစိုးရတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့လုပ်ရပ်ရဲ့ တိုက်ရိုက်ရလဒ်တခုပဲ ဖြစ်ပါတယ်၊ ဒီလိုပျက်ကွက်တဲ့အတွက် သူတို့ရဲ့ဘဏ်တွေက အင်းဝဘဏ်နဲ့ စီးပွားရေးဆက်လက်လုပ်ဆောင်ဖို့ ပိုပြီး အတင့်ရဲခဲ့ကြတာ ဖြစ်ပါတယ်။ အင်းဝဘဏ်နဲ့ စီးပွားရေးလုပ်တာဟာ မြန်မာစစ်တပ်၊ သူတို့ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၊ ကျူးလွန်လက်စရှိတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ပံ့ပိုးကူညီပေးနေတာဖြစ်ပါတယ်။ ငွေလွှဲတဲ့ပမာဏဟာ ဘယ်လောက်ပဲသေးငယ်စေကာမူ အဲဒီငွေတွေဟာ စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ငွေကြေးထောက်ပံ့ရာမှာရော၊ စစ်ရာဇဝတ်ကောင်တွေကို ကြွယ်ဝချမ်းသာစေဖို့ရာပါ အထောက်အပံ့ပေးနေတာ ဖြစ်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။ ပြီးတော့ နော်ဝေအစိုးရ၊ စင်ကာပူအစိုးရနဲ့ IFC တို့အနေနဲ့ အင်းဝဘဏ်နဲ့ ပုံမှန်စီးပွားရေးလုပ်ဆောင်နေတဲ့ ရိုးမဘဏ်မှာ ဆက်ပြီးရင်းနှီးမြှုပ်နှံနေတာဟာလည်း အင်မတန်ရှက်ဖို့ကောင်းတယ်လို့ Justice For Myanmar က ပြောပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်ခွဲရှေ့မှာ မေလ ၂၉ ရက် ညနေ ၆ နာရီကျော်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်မှာ လူတွေထိခိုက်ဒဏ်ရာတာနဲ့ ပျက်စီးဆုံးရှုံးမှုရှိတဲ့ သတင်းတွေကတော့ မရရှိပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကလည်း တောင်ကြီးမြို့ပေါ်ရှိ အမှတ် (၂၁၂) ဆက်သွယ်ရေးတပ်ရှေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က တပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်မတော် (TPDF) က တိုက်ခိုက်တာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ချက်ကြေညာထားပါတယ်။
အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူလူထု၊ အမျိုးသမီး၊ ကျောင်းသားလူငယ်နဲ့ ကလေးသူငယ်တွေကို တိုက်ပွဲသုံး သေနတ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့လို့ တောင်ကြီးမြို့ အပါအဝင် နိုင်ငံတဝန်းမှာ ပြည်သူ ၈၄၀ နီးပါး သေဆုံးခဲ့ရပါတယ်။
Photo : CJ