အမေရိကန်နဲ့ အုပ်စုဒုတိယပွဲစဉ်ဟာ အီရန်ကိုဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်လို ဖြစ်လာဖို့မရှိဘဲ ခက်ခက်ခဲခဲ ကစားရနိုင်ကြောင်း အင်္ဂလန်နည်းပြဆောက်ဂိတ်က သုံးသပ်ပြောပါတယ်။
အမေရိကန်အသင်းမှာ ဥရောပထိပ်တန်းလိဂ်တွေက အတွေ့အကြုံရှိကစားသမားတွေပါဝင်ပြီး ဘောလုံးလုယူပုံ ကောင်းမွန်ကြောင်း၊ အီရန်နဲ့ ပွဲစဉ်တုန်းကလို အလွယ်တကူ ဂိုးပြတ်အနိုင်ရဖို့ မဖြစ်နိုင်ကြောင်း နည်းပြဆောက်ဂိတ်ကပြောပါတယ်။
အမေရိကန်အသင်းဟာ ပထမပွဲစဉ်တုန်းက ဝေးလ်အသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တာပါ။ ဒီပွဲမှာ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး အင်္ဂလန်အသင်းက နိုင်ပွဲထပ်ယူနိုင်မယ်ဆိုရင် နောက် တစ်ဆင့်တက်ဖို့ သေချာစေမှာပါ။
အင်္ဂလန်အသင်းအနေနဲ့ အီရန်နဲ့ပွဲက ရလဒ်ပိုင်းကြောင်း စိတ်ဓာတ်တက်ကြွစွာနဲ့ ကစားနိုင်တာမှန်ပေမယ့် ပြိုင်ဘက်အသင်းကိုလည်းလေးစားရမှာဖြစ်ကြောင်း အမေရိကန် အသင်းမှာ ပရီးမီးယားလိဂ်မှာကစားနေတဲ့ အရည်အသွေးမြင့်ကစားသမားတွေရှိတာကိုလည်း သိရှိကြောင်း နည်းပြဆောက်ဂိတ်ကပြောသွားပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ မနေ့ညက အီရန်အသင်းကို (၆-၂) ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အဓိကပြိုင်ပွဲကြီးတွေမှာ နိုင်ပွဲအများဆုံး အင်္ဂလန်နည်းပြအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ပထမဆုံးအကြိမ် ၆ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းလည်းရရှိခဲ့ပါတယ်။
နည်းပြ ဆောက်ဂိတ်ဟာ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းနဲ့အတူ နိုင်ပွဲ ၉ ပွဲ အထိရှိ လာခဲ့ပြီး နည်းပြဟောင်း ဆာအဲဖ်ရမ်ဆေးစံချိန်တင်ထားတဲ့ နိုင်ပွဲ ၈ ပွဲစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ သီးသန့်ဆိုရင်တော့ ၁၉၆၆ ခုနှစ်မှာ ချန်ပီယံဖြစ်ခဲ့အောင်စွမ်းဆောင်ခဲ့တဲ့ အင်္ဂလန်နည်းပြဟောင်း ရမ်ဆေးရဲ့နိုင်ပွဲစံချိန်ကို မမီသေးပါဘူး။
အင်္ဂလန်အသင်းဟာ အုပ်စုတွင်းပြိုင်ဘက်တွေ ဖြစ်တဲ့ အမေရိကန်၊ ဝေးလ်အသင်းတွေနဲ့ ဆက်ကစားရဖို့ရှိပြီး နိုင်ပွဲစံချိန်ထပ်တင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။