close

အင်္ဂလန်အမျိုးသမီးအသင်း

close

August 1, 2022

သမိုင်းဝင်အောင်ပွဲရ အင်္ဂလန်အမျိုးသမီးအသင်းကို ဗြိတိန်ဘုရင်မကြီး ဂုဏ်ပြုစကားဆို

အင်္ဂလန်အမျိုးသမီးအသင်းက သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပချန်ပီယံဆုဖလား ရယူနိုင်ခဲ့တဲ့အပေါ်  ဗြိတိန်ဘုရင်မကြီးအဲလိဇဘက် ၂ က ဂုဏ်ပြုလွှာထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ မနေ့ညက အိမ်ကွင်း ဝင်ဘလေမှာ ကစားခဲ့တဲ့ ယူရိုဗိုလ်လုပွဲမှာ နာမည်ကြီးပြိုင်ဘက် ဂျာမနီကို အချိန်ပိုမှာ ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရဗိုလ်စွဲခဲ့တာပါ

ဥရောပ အမျိုးသမီးချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းသားတွေအတွက် မိသားစုဝင်တွေအားလုံးကပါ လှိုက်လှိုက်လှဲလှဲဂုဏ်ယူကြောင်း၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအတွက် အတုယူစရာ ဖြစ်စေမယ့် စံနမူနာယူထိုက်သူတွေ ဖြစ်ကြောင်း ဗြိတိန်ဘုရင်မကြီးက ထုတ်ပြန်ချက်ထဲမှာ ဂုဏ်ပြုစကားဆိုထားပါတယ်။

အလားတူ အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ အမျိုးသားအသင်းခေါင်းဆောင် ဟာရီကိန်း၊ နောက်ခံလူ မက်ဂွဲယားတို့ အပါအဝင် အင်္ဂလန်ဘောလုံးလောကရဲ့ တာဝန်ရှိသူတွေကလည်း ဂုဏ်ပြုစကားတွေ ဆိုခဲ့ကြပါတယ်။ 

1 hour Ago

ဂျာမနီကို အနိုင်ယူပြီး အင်္ဂလန်အမျိုးသမီးအသင်း ပထမဆုံးအကြိမ် ယူရိုချန်ပီယံဖြစ်

အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းဟာ ယူရိုချန်ပီယံ ၈ ကြိမ်ရရှိထားတဲ့ ဂျာမနီအသင်းကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ချန်ပီယံဖြစ်သွားပါတယ်။

မနေ့ညက ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ယူရိုအမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ သမိုင်းအစဉ်အလာအရ နိမ့်ပါးခဲ့တဲ့ အင်္ဂလန်အသင်းဟာ အိမ်ကွင်းပရိသတ် ၈၀,၀၀၀ ကျော်ရှေ့မှာ နာမည်ကြီးဂျာမနီကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာ အင်္ဂလန်က ဦးဆောင်ဂိုး စတင်သွင်းခဲ့ပေမယ့် ပွဲချိန် ၇၉ မိနစ်မှာ ဂျာမနီက ပြန်လည်ချေပခဲ့ပါတယ်။

အဲဒီနောက် အချိန်ပို ၁၁ဝ မိနစ်မှာ လူစားဝင်ကစားသမား ကယ်လီက အနိုင်ဂိုးသွင်းခဲ့ပါတယ်။ သူဟာ ဂိုးသွင်းယူအပြီးမှာအပေါ် အင်္ကျီချွတ် အောင်ပွဲခံခဲ့ပြီး အဲဒီလိုအောင်ပွဲခံပုံဟာ အမျိုးသမီးကစားသမားတွေထဲမှာတော့ သိပ်ပြီးမြင်တွေ့ရလေ့မရှိပါဘူး။

အမျိုးသမီးအသင်းက ယူရိုချန်ပီယံဖြစ်ခဲ့တာဟာ အင်္ဂလန်ဘောလုံး လောကအတွက်တော့ သမိုင်းဝင်အောင်မြင်မှုပါ။

အမျိုးသားအသင်းက ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ချန်ပီယံဖြစ်ပြီးနောက်ပိုင်း အဓိကပြိုင်ပွဲတွေမှာ အင်္ဂလန်ဘောလုံးအသင်းတစ်သင်းက ပထမဆုံးအကြိမ် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ အင်္ဂလန်အသင်းရဲ့ ဟော်လန်နည်းပြ ဆာရီနာဝစ်မန်းဟာလည်း ၂၀၁၇ ခုနှစ်မှာ မိခင်နိုင်ငံအသင်းနဲ့ ယူရိုချန်ပီယံဖြစ် အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ဒီနှစ်မှာလည်း အင်္ဂလန်အသင်းနဲ့ အတူ ချန်ပီယံထပ် ဖြစ်အောင် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

1 hour Ago

July 28, 2022

အမျိုးသမီးယူရိုဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အင်္ဂလန်နှင့် ဂျာမနီတို့ တွေ့ဆုံ

အင်္ဂလန်နိုင်ငံမှာကျင်းပနေတဲ့ အမျိုးသမီး ယူရိုဘောလုံးပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ဂျာမနီတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် ၂ ဆွီဒင်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်လာခဲ့တာပါ။

ဂျာမနီအမျိုးသမီးအသင်းကတော့ ပြင်သစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ခဲ့တာပါ။

ဗိုလ်လုပွဲကို လာမယ့် ဇူလိုင် ၃၁ ရက်မှာ အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းကြီးမှာ ကျင်းပသွားမှာ ြဖစ်ပါတယ်။

ကမ္ဘာ့အဆင့် ၈ အင်္ဂလန်အမျိုးသမီးအသင်းဟာ ယူရိုပြိုင်ပွဲမှာ တကြိမ်တခါမှ ချန်ပီယံမဖြစ်ဖူးသေးဘဲ ဒုတိယ ၂ ကြိမ်ပဲ ရရှိဖူးပါတယ်။

ကမ္ဘာ့အဆင့် ၃ ဂျာမနီကတော့ ယူရိုချန်ပီယံ ၈ ကြိမ်အထိ ရဖူးပြီး ဥရောပမှာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

ဂျာမနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ပြိုင်ပွဲ မတိုင်ခင်မှာ ၅ ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ ၈ ကြိမ်မှာ ၈ ကြိမ်စလုံး ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒီနှစ်သင်းရဲ့ နောက်ဆုံးခြေစမ်းပွဲမှာတော့ အင်္ဂလန်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။

4 days Ago
Up