close

ဂျာမနီကို အနိုင်ယူပြီး အင်္ဂလန်အမျိုးသမီးအသင်း ပထမဆုံးအကြိမ် ယူရိုချန်ပီယံဖြစ်

အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းဟာ ယူရိုချန်ပီယံ ၈ ကြိမ်ရရှိထားတဲ့ ဂျာမနီအသင်းကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ချန်ပီယံဖြစ်သွားပါတယ်။

မနေ့ညက ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ယူရိုအမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ သမိုင်းအစဉ်အလာအရ နိမ့်ပါးခဲ့တဲ့ အင်္ဂလန်အသင်းဟာ အိမ်ကွင်းပရိသတ် ၈၀,၀၀၀ ကျော်ရှေ့မှာ နာမည်ကြီးဂျာမနီကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာ အင်္ဂလန်က ဦးဆောင်ဂိုး စတင်သွင်းခဲ့ပေမယ့် ပွဲချိန် ၇၉ မိနစ်မှာ ဂျာမနီက ပြန်လည်ချေပခဲ့ပါတယ်။

အဲဒီနောက် အချိန်ပို ၁၁ဝ မိနစ်မှာ လူစားဝင်ကစားသမား ကယ်လီက အနိုင်ဂိုးသွင်းခဲ့ပါတယ်။ သူဟာ ဂိုးသွင်းယူအပြီးမှာအပေါ် အင်္ကျီချွတ် အောင်ပွဲခံခဲ့ပြီး အဲဒီလိုအောင်ပွဲခံပုံဟာ အမျိုးသမီးကစားသမားတွေထဲမှာတော့ သိပ်ပြီးမြင်တွေ့ရလေ့မရှိပါဘူး။

အမျိုးသမီးအသင်းက ယူရိုချန်ပီယံဖြစ်ခဲ့တာဟာ အင်္ဂလန်ဘောလုံး လောကအတွက်တော့ သမိုင်းဝင်အောင်မြင်မှုပါ။

အမျိုးသားအသင်းက ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ချန်ပီယံဖြစ်ပြီးနောက်ပိုင်း အဓိကပြိုင်ပွဲတွေမှာ အင်္ဂလန်ဘောလုံးအသင်းတစ်သင်းက ပထမဆုံးအကြိမ် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ အင်္ဂလန်အသင်းရဲ့ ဟော်လန်နည်းပြ ဆာရီနာဝစ်မန်းဟာလည်း ၂၀၁၇ ခုနှစ်မှာ မိခင်နိုင်ငံအသင်းနဲ့ ယူရိုချန်ပီယံဖြစ် အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ဒီနှစ်မှာလည်း အင်္ဂလန်အသင်းနဲ့ အတူ ချန်ပီယံထပ် ဖြစ်အောင် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

//
Up