close

အစုရှယ်ယာ

close

May 10, 2023

ထိုင်းအတိုက်အခံပါတီခေါင်းဆောင် မီဒီယာကုမ္ပဏီတွင် အစုရှယ်ယာပါဝင်မှု ပြန်လည်စိစစ်ရန် တိုင်ကြားခံရ

ထိုင်းဝန်ကြီးချုပ်နေရာအတွက် ရေပန်းစားနေတဲ့ ထိုင်းအတိုက်အခံပါတီခေါင်းဆောင်ဟာ  ရွေးကောက် ပွဲဥပဒေဥပဒေနဲ့ မညီညွတ်တဲ့  မီဒီယာကုမ္ပဏီတခုမှာ အစုရှယ်ယာပါဝင်မှုနဲ့  ပြန်လည်စိစစ်ဖို့ တိုင်ကြားခံနေရပါတယ်။

ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာနိုင်ရေးပါတီအသီးသီးက မဲဆွယ်စည်းရုံးနေရာမှာ အတိုက်အခံပါတီ နှစ်ခုဖြစ်တဲ့ ကလောက်ကိုင်ပါတီ ( Move Forward Party ) နဲ့  ဖွေ့ထိုင်းပါတီ ( ရှပ်နီပါတီ) တို့က ရေပန်းအစားဆုံးဖြစ်နေပါတယ်။ 

အထူးသဖြင့် ဝန်ကြီးချုပ်နေရာအတွက် စစ်တမ်းတွေကောက်ယူချက်အရ MFP ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်က ရှပ်နီပါတီထက်ပိုပြီး လူကြိုက်များရေပန်းစားနေတာဖြစ်ပါတယ်။ 

ဒါပေမဲ့ သူဟာ ရွေးကောက်ပွဲဥပဒေနဲ့ ညှိစွန်းဖွယ် iTV မီဒီယာကုမ္ပဏီမှာ အစု ရှယ်ယာပါဝင်မှုရှိနေတာကို ပြန်လည်စစ်ဆေးဖို့ ဖရန်းပချားရတ်ပါတီ (လက်ရှိအာဏာရ စစ်တပ်ပါတီ ) လွှတ်တော်အမတ် နိုင်းကိန်းကလိုင် လိကစ်ဝပ်ထနက ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

iTV ကုမ္ပဏီဟာ အွန်လိုင်းသတင်းထုတ်လွှင့်တာကို နှစ်အတန်ကြာရပ်နားခဲ့ပေမဲ့ ကြော်ငြာလက်ခံနေတာကို တွေ့မိကြောင်း ၊ အဆိုပါကုမ္ပဏီထဲမှာ MFP ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်ဟာ အစုရှယ်ယာ ၄၂၀၀၀ ကျော်ပါဝင်နေတယ်၊ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၈/၃ အရ  မီဒီယာတွေမှာ အစုရှယ်ယာ ဝင်ထားသူတွေဟာ နိုင်ငံရေးပါတီထဲ ပါဝင်ခွင့်မရှိ၊ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခွင့်မရှိလို့ သတ်မှတ်ထားတာကြောင့် ရွေး ကောက်ပွဲကော်မရှင်ကို ပြန်လည်စိစစ်ဖို့ တိုင်ကြားရတာလို့ နိုင်းကိန်းကလိုင်က သတင်းထောက် တွေကို ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ကာယကံရှင် ဖိထားကတော့ -iTV မှာ သူကိုယ်တိုင်အစုရှယ်ယာပါဝင်တာ မဟုတ်ဘဲ ကွယ်လွန်သူဖခင်ရဲ့ ကျန်ရစ်ခဲ့တဲ့အမွေဆက်ခံမှုဖြစ်ပြီး သူဟာ အမွေစီမံခန့်ခွဲ ခွင့်ရှိသူ သာဖြစ်တယ်၊  ဒီအကြောင်းကို လွန်ခဲ့တဲ့ ၄ နှစ် သူလွှတ်တော်အမတ်အဖြစ်အရွေးခံတုန်းက လာဘ်စားမှုတိုက်ဖျက်ရေးနဲ့ ကာကွယ်ရေးကော်မတီကိုလည်း အသိပေးထားပြီးဖြစ်တယ်။ ဒါကို ပြန်လည်ချေပဖို့ ပါတီဥပဒေရေးရာဘက်က ပြင်ဆင်ထားပြီးဖြစ်တယ် ၊ သူ့အနေနဲ့ ဘာမှစိုးရိမ်ကြောင့်ကြမှုမရှိ၊ သမာဓိလည်းမပျက်ဘူး၊ လောလောဆယ် သူတို့ပါတီဟာ  လူထုအား ပေးထောက်ခံမှုအားကောင်းနေတာကြောင့် အနှောင့်အယှက်ပြုခံရတာ ထုံးစံပဲ၊ ရွေးကောက်ပွဲဝင်ဖို့  ကျန်ရှိနေတဲ့ အချိန်လေးမှာ မဲဆွယ်စည်းရုံးမှု အကောင်းဆုံးလုပ်သွားမယ်၊  ပါတီဝင်တွေ ပါတီထောက်ခံသူတွေအနေနဲ့ မစိုးရိမ်ဖို့၊ စိတ်အနှောင့်အယှက်မဖြစ်ဖို့၊ အစွမ်းကုန်ကြိုးစားဖို့ သူရဲ့ လူမှုကွန်ရက်ကနေ ရေးသားထားသလို သတင်းထောက်တွေကိုလည်း ဖြေကြားထားပါတယ်။ 

လောလောဆယ် MFP ပါတီအတွက် မဲဆွယ်စည်းရုံးရေးမှာ ပါဝင်ကူညီနေသူ FFP ပါတီ အမျိုးသမီး လွှတ်တော်အမတ်ဟောင်း ချော့ကလည်း ဖိထားဟာ ဥပဒေနဲ့ညီညွတ်လို့ ၄ နှစ်တိုင်လွှတ်တော်အမတ်ဖြစ်ခဲ့ပြီးပြီ၊ အခုမှလာပြီး အပြစ်ကိုတူးဆွနေတာဟာ ညစ်ပတ်တဲ့ နိုင်ငံရေးကစားမှု ဖြစ်တယ်၊ MFP ပါတီဟာ လူကိုမမူတည်ဘဲ ပြည်သူကိုမူတည်တဲ့ပါတီဖြစ်တယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့အာဏာ ရရှိရေးအတွက် ကြောက်ရွံ့မှုကို ဘေးဖယ်ထားပြီး ရဲရဲဝံ့ဝံ့ ဆန္ဒမဲပေးကြဖို့ မနေ့က မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ပြောကြားသွားပါတယ်။ 

MFP ပါတီဟာ အရင်က  Future Future ပါတီဖြစ်ခဲ့ပြီး ပါတီခေါင်းဆောင် ထနားထွဏ်းဟာ ဝန်ကြီးချုပ်အဖြစ် ရေပန်းစားခဲ့သလို လွှတ်တော်အမတ်လည်းဖြစ်ခဲ့ပါတယ်၊ ဒါပေမဲ့ သူဟာ We Love Media ဆိုတဲ့ ဂျာနယ်မှာ အစုရှယ်ယာပါဝင်ပြီး ရှယ်ယာအမည်လွှဲပြောင်းတာကို နောက်ကျမှပြန်လုပ်လို့ ရွေးကောက်ပွဲဥပဒေနဲ့ မညီညွတ်ဘူးဆိုကာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သူတို့ပါတီကို ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင်နဲ့ ထိပ်တန်းပါတီဝင်တချို့တွေ လွှတ်တော်ထဲက ထွက်ရကာ ၁၀ နှစ်တာ နိုင်ငံရေးပါတီ လုပ်ကိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ 

ဒါကြောင့် ကျန်တဲ့ပါတီဝင်တွေက MFP ပါတီအမည်နဲ့ ပြန်လည်မှတ်ပုံတင်ပြီး လက်ရှိရေပန်းစားနေတဲ့ ထိမ်း ဖိထားကို ပါတီခေါင်းဆောင် တင်မြှောက်ခဲ့ပါတယ်။ 

သူဟာလည်း ထနားထွဏ်းလိုပဲ အပြစ်ပေးခံရမှာကို ပါတီဝင်နဲ့ ထောက်ခံသူတွေက စိုးရိမ်ကြောင့်ကြနေတာလည်း ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေသူ ရှပ်နီ ( ဖွေ့ထိုင်း ) ပါတီခေါင်းဆောင် ဖဲထောင်းထန်း ခေါ် အုန်အင်ဟာလည်း သူ့ အစုရှယ်ယာသန်းပေါင်း ၁၂၀၆ ထောင်ပါဝင်ထားတဲ့ SC Asset အိမ်ခြံမြေဖွံ့ဖြိုးရေးကုမ္ပဏီဟာ မီဒီယာလုပ်ငန်းနဲ့ ပတ်သက်မှုရှိကြောင်း ပြန်လည်စိစစ်ဖို့ ဆီဆုဝမ်း ကျန်းယားဆိုသူက ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားစာပို့ထားတာ ခံနေရပါတယ်။

Photo-Move Forward Party

7 mins Ago

February 20, 2023

တရုတ်နိုင်ငံ Renaissance Holdings စီးပွားရေးလုပ်ငန်း၏ အစုရှယ်ယာများ ကျဆင်း

တရုတ်နိုင်ငံက Renaissance Holdings စီးပွားရေးလုပ်ငန်းကြီးရဲ့ အစုရှယ်ယာတွေ ဖေဖော်ဝါရီ ၂၀ ရက် အစောပိုင်းမှာ အမြတ်ငွေ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်သူ ဘီလျံနာသူကြွယ်ကြီးကို ဘဏ်က ဆက်သွယ်မရဘူးလို့ ကြေညာခဲ့ပြီးတဲ့နောက် စတော့ရှယ်ယာစျေး စံချိန်တင် အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့တာပါ။

တနင်္လာနေ့အစောပိုင်းမှာ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ တက်ခဲ့တဲ့ ဟောင်ကောင်စာရင်းဝင် စတော့ရှယ်ယာတွေဟာ  အမြတ်တွေအားလုံးကို ဆုံးရှုံးတဲ့အပြင် ဟောင်ကောင်ဒေါ်လာ ၆ ဒသမ ၈၂ အထိ နိမ့်ကျသွားခဲ့ပါတယ်။

ဒါကြောင့် Renaissance Holdings ဟာ ငွေကြေးစတော့ရှယ်ယာဆိုင်ရာ ဟန်ဆန်း Composite ညွှန်းကိန်းမှာ တတိယမြောက် ရာခိုင်နှုန်းအများဆုံး ဆုံးရှုံးသူဖြစ်လာပါတယ်။

China Renaissance ကို တည်ထောင်သူနဲ့ အရောင်းကိုယ်စားလှယ် ဘောင်ဖန် ပျောက်ဆုံးမှုဟာ နိုင်ငံတွင်း ထိပ်တန်းစီးပွားရေး အမှုဆောင်တွေ ပျောက်ဆုံးမှုအတွင်း နောက်ဆုံးပျောက်ဆုံးမှု ဖြစ်လာပါတယ်။

ဘောင် ပျောက်ဆုံးမှုနဲ့ စီးပွားရေးလုပ်ငန်းတို့ ဆက်စပ်နေတယ်ဆိုတဲ့ သတင်းအချက်အလက် မရှိဘူးလို့ ရင်းနှီးမြှုပ်နှံမှုဘဏ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့ပြီး လုပ်ငန်းတွေ ပုံမှန်အတိုင်း ဆက်လုပ်နေတယ်လို့ ကြေညာခဲ့ပါတယ်။

3 months Ago
Up