close

အစ္စရေး ဗုံးကြဲ

close

August 7, 2021

ဂါဇာရှိ ဟားမက်စ်အုပ်စုရှိသည့်နေရာကို အစ္စရေး ဗုံးကြဲ

ဂါဇာကမ်းမြောင်ဒေသကနေ မီးလောင်စေတဲ့ မီးပုံးပျံတွေ လွှတ်တင်နေတာကို တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးလေယာဉ်က ဂါဇာမှာရှိတဲ့ ဟားမတ်စ်တွေရဲ့ တည်နေရာတွေကို သြဂုတ် ၇ ရက်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာကိုအုပ်ချုပ်နေတဲ့ ဟားမတ်စ်အစ္စလာမစ်အုပ်စုကပိုင်တဲ့ ခြံဝင်းတစ်ခုနဲ့ ဒုံးကျည် ပစ်လွှတ်နေတဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပြီး ဒီတိုက်ခိုက်မှုကြောင့်ဖြစ်တဲ့ အသေအပျောက် အထိအခိုက် စာရင်းကို ချက်ချင်း မသိရသေးပါဘူး။

ဟားမတ်စ်တွေကလည်း ချက်ချင်း မှတ်ချက် မပေးသေးပါဘူး။ အစ္စရေးနဲ့ ဟားမတ်စ်တို့ ၁၁ ရက်ကြာတိုက်ပွဲဖြစ်အပြီး အပစ်အခတ် ရပ်စဲခဲ့တဲ့ မေ ၂၁ ရက်တည်းက ခုထိ ဂါဇာက ပါလက်စတိုင်းတွေဟာ နယ်စပ်တလျှောက်မှာ မီးလောင်စေတဲ့ ပစ္စည်းတွေ ချိတ်ဆွဲထားတဲ့ မီးပုံးပျံတွေကို ဖောဖောသီသီ လွှတ်တင်ခဲ့တာပါ။

ဒါကြောင့် အစ္စရေးဘက်က လယ်ကွင်းတွေ မီးလောင် ပျက်စီးခဲ့ပါတယ်။ ပါလက်စတိုင်းတွေကတော့ မေလတိုက်ပွဲအတွင်း တင်းကျပ်ခံထားရတဲ့ ကမ်းရိုးတန်းဒေသမှာ ကန့်သတ်ချက်တွေကို ဖြေလျှော့ရေး အစ္စရေးကို ဖိအားပေးဖို့ ရည်ရွယ်ပြီး မီးပုံးပျံတွေ လွှတ်တင်နေတာလို့ ပြောပါတယ်။

 ဂါဇာက ကန့်သတ်ချက်တွေကို အစ္စရေးက ဖြေလျော့ပေးအပြီးမှာ မီးပုံးပျံ လွှတ်တင်တာတွေ လျော့ကျ သွားတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။

ဒါပေမဲ့ သြဂုတ် ၆ ရက်မှာ ဂါဇာကနေ မီးပုံးပျံတွေ ထပ်ပြီး လွှတ်တင်ခဲ့လို့ အစ္စရေးနဲ့ ဂါဇာ နယ်စပ်နားမှာ မီးလောင်မှု  ၄ ကြိမ် ဖြစ်ခဲ့ပါတယ်။

12 mins Ago

May 16, 2021

ဟားမတ်စ်ခေါင်းဆောင်အိမ် အစ္စရေး ဗုံးကြဲ၊ တဲလ်အဗီကို ဟားမတ်စ်များ ဒုံးကျည်ဖြင့် ပြန်ပစ်

အစ္စရေးက ဂါဇာကမ်းမြှောင်မှာရှိတဲ့ ဟားမတ်စ် အစ္စလာမစ်အုပ်စု ခေါင်းဆောင်ရဲ့ အိမ်ကို မေ ၁၆ ရက်က ဗုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ဟားမတ်စ်တွေက အစ္စရေးရဲ့ တဲလ်အဗီမြို့ကို ဒုံးကျည်တွေနဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။

နှစ်ဘက်အပြန်အလှန် တိုက်ခိုက်နေတာ ၇ ရက်မြောက် ရှိနေပြီး အခြေအနေ လျော့ကျမယ့် လက္ခဏာတော့ မပြသေးပါဘူး။

 အစ္စရေးရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် စနေတစ်ရက်တည်းမှာ ပါလက်စတိုင်း အနည်းဆုံး ၃ ယောက် သေဆုံးတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

 ဂါဇာမှာ ဗုံးကြဲသံတွေ ညလုံးပေါက် အကြီးအကျယ် ကြားနေရပြီး လူအများအပြား ဒဏ်ရာရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

 အစ္စရေးနိုင်ငံ တဲလ်အဗီမြို့ နဲ့ ဆင်ခြေဖုံးဒေသတွေမှာ ဒုံးကျည်ပစ်ခတ်မှု သတိပေး ဥသြသံ တွေ ဆူညံနေတာပါ။ 

နိုင်ငံသားတွေ ဗုံးခိုကျင်းတွေဆီ ပြေးလွှားရင်း လူ ၁၀ ဦးလောက် ဒဏ်ရာရတယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။

 တနင်္လာနေ့ကစတဲ့ အပြန်အလှန် အကြမ်းဖက်မှုအတွင်း ဂါဇာမှာ ကလေး ၄၁ ယောက် အပါအဝင် ၁၄၈ ယောက်ထက်မနည်း သေဆုံးပြီး အစ္စရေးဘက်ကတော့ ကလေး ၂ ယောက် အပါအဝင် လူ ၁၀ယောက် သေဆုံးတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။

 အခြေအနေတည်ငြိမ်ရေး အမေရိကန်၊ ကုလသမဂ္ဂ နဲ့ အီဂျစ် သံတမန်တွေ ကြိုးစား နေပေမယ့် တိုးတက်တဲ့ လက္ခဏာ မပြသေးပါဘူး။

 လတ်တလော နှစ်တွေအတွင်း အဆိုးဆုံး အစ္စရေး-ပါလက်စတိုင်း အကြမ်းဖက်မှု အရေး ဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တနင်္ဂနွေနှောင်းပိုင်း အစည်းအဝေးလုပ်ဖို့ ရှိနေပါတယ်။

 အစ္စရေးနဲ့ ဟားမတ်စ် ၂ ဖက်စလုံးကတော့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်တာတွေ ဆက်လုပ်မယ်လို့ အခိုင်အမာ ပြောထားခဲ့ပါတယ်။

3 months Ago
Up