ဂါဇာရှိ ဟားမက်စ်အုပ်စုရှိသည့်နေရာကို အစ္စရေး ဗုံးကြဲ

ဂါဇာကမ်းမြောင်ဒေသကနေ မီးလောင်စေတဲ့ မီးပုံးပျံတွေ လွှတ်တင်နေတာကို တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးလေယာဉ်က ဂါဇာမှာရှိတဲ့ ဟားမတ်စ်တွေရဲ့ တည်နေရာတွေကို သြဂုတ် ၇ ရက်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဂါဇာကိုအုပ်ချုပ်နေတဲ့ ဟားမတ်စ်အစ္စလာမစ်အုပ်စုကပိုင်တဲ့ ခြံဝင်းတစ်ခုနဲ့ ဒုံးကျည် ပစ်လွှတ်နေတဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပြီး ဒီတိုက်ခိုက်မှုကြောင့်ဖြစ်တဲ့ အသေအပျောက် အထိအခိုက် စာရင်းကို ချက်ချင်း မသိရသေးပါဘူး။
ဟားမတ်စ်တွေကလည်း ချက်ချင်း မှတ်ချက် မပေးသေးပါဘူး။ အစ္စရေးနဲ့ ဟားမတ်စ်တို့ ၁၁ ရက်ကြာတိုက်ပွဲဖြစ်အပြီး အပစ်အခတ် ရပ်စဲခဲ့တဲ့ မေ ၂၁ ရက်တည်းက ခုထိ ဂါဇာက ပါလက်စတိုင်းတွေဟာ နယ်စပ်တလျှောက်မှာ မီးလောင်စေတဲ့ ပစ္စည်းတွေ ချိတ်ဆွဲထားတဲ့ မီးပုံးပျံတွေကို ဖောဖောသီသီ လွှတ်တင်ခဲ့တာပါ။
ဒါကြောင့် အစ္စရေးဘက်က လယ်ကွင်းတွေ မီးလောင် ပျက်စီးခဲ့ပါတယ်။ ပါလက်စတိုင်းတွေကတော့ မေလတိုက်ပွဲအတွင်း တင်းကျပ်ခံထားရတဲ့ ကမ်းရိုးတန်းဒေသမှာ ကန့်သတ်ချက်တွေကို ဖြေလျှော့ရေး အစ္စရေးကို ဖိအားပေးဖို့ ရည်ရွယ်ပြီး မီးပုံးပျံတွေ လွှတ်တင်နေတာလို့ ပြောပါတယ်။
ဂါဇာက ကန့်သတ်ချက်တွေကို အစ္စရေးက ဖြေလျော့ပေးအပြီးမှာ မီးပုံးပျံ လွှတ်တင်တာတွေ လျော့ကျ သွားတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
ဒါပေမဲ့ သြဂုတ် ၆ ရက်မှာ ဂါဇာကနေ မီးပုံးပျံတွေ ထပ်ပြီး လွှတ်တင်ခဲ့လို့ အစ္စရေးနဲ့ ဂါဇာ နယ်စပ်နားမှာ မီးလောင်မှု ၄ ကြိမ် ဖြစ်ခဲ့ပါတယ်။