ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့မှာ ဖေဖော်ဝါရီ တတိယပတ်က စတင်ပြီး ကိုဗစ်အတည်ပြုလူနာတွေကို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက နေအိမ်ပြန်လွှတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းကုန်းမြို့က လူစည်ကားတဲ့ဈေးတွေဖြစ်တဲ့ မြို့မဈေးနဲ့ ငါးဈေးမှာ အတည်ပြုလူနာ ဖေဖော်ဝါရီလ ၁၆ ရက်က ကိုဗစ်အတည်ပြုလူနာ ၄၀ ကျော်တွေ့ရှိပြီးနောက်ပိုင်း ကိုဗစ်ကုသရေးစင်တာတွေ ဆေးရုံတွေကို မပို့ဆောင်ဘဲ နေအိမ်မှာပြန်နေဖို့ မှာကြားကာ ပြန်လွှတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ကိုဗစ်စင်တာဆိုပြီး သက်သက်မရှိတော့ စစ်ပြီး အဖြေထွက်လာတာနဲ့ အိမ်ပြန်လွှတ်တာ ဆေးရုံမှာလည်း လူပြည့်နေပြီကြားတယ်။ အရင်အစိုးရလက်ထက်ကဆို လူများလာလည်း ပုသိမ်ဆေးရုံကြီးကိုလွှဲတယ် ခုက ဘာအစီအစဉ်မှ မရှိသလိုဖြစ်နေတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ဘုရားဝင်းအနီးက မြို့မစာသင်ကျောင်းမှာ ကိုဗစ်ကုသရေးစင်တာဖွင့်လှစ်ထားပေမဲ့ ဆရာဝန်နဲ့ သူနာပြု အင်အားမလုံလောက်တာကြောင့် ကုသတာတွေ မလုပ်ပေးနိုင်သေးဘူးလို့ ဆိုပါတယ်။
ကျောင်းကုန်းမြို့မှာ ဖေဖော်ဝါရီ ၁ ရက်မှ ၁၇ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၆၀ ကျော်ထိ ရှိလာပြီဖြစ်ပေမဲ့ စည်းကမ်းတင်းကျပ်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၂၈ ယောက်နဲ့ ကူးစက် ခံရသူပေါင်း ၅၃၃,၇၃၂ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀,၁၀၄ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁၂၈ ယောက်တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၁ ဒသမ ၂၇ ရာခိုင်နှုန်း ရှိနေပါတယ်။
ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁၆၈ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၁ ယောက်နဲ့ စုစုပေါင်းသေဆုံးသူ အရေ အတွက်ကတော့ ၁၉,၃၀၇ ယောက် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။
လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာ ၁၄၆ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။