သီရိလင်္ကာနိုင်ငံမှာ သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာကို ဖြတ်တောက်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းဟာ သီတင်းပတ်အနည်းငယ်အတွင်း ဥပဒေဖြစ်လာနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အလီဆာဘရီက စက်တင်ဘာလ ၅ ရက်မှာ ပြောပါတယ်။
ဒီပြင်ဆင်ချက်ဟာ "အားလုံး ပါ၀င်တဲ့အုပ်ချုပ်ရေးကို ပြန်ယူဆောင်လာမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒီပြင်ဆင်ချက်မှာ အုပ်ချုပ်ရေး တိုးတက်စေဖို့၊ လူ့အခွင့်အရေး မြှင့်တင်ဖို့၊ အစိုးရအဖွဲ့အစည်းတွေရဲ့ စာရင်းစစ် ကြီးကြပ်မှု တိုးမြှင့်ဖို့နဲ့ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုတွေကို အားကောင်းလာစေဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကောင်စီနဲ့ လွတ်လပ်တဲ့ကော်မရှင် ၉ ခုကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
ဥပဒေကြမ်းကနေ ဥပဒေဖြစ်လာဖို့ လွှတ်တော်ထဲမှာ ထောက်ခံမဲ အများစုဖြစ်တဲ့ အမတ်နေရာ သုံးပုံနှစ်ပုံ လိုအပ်ပါတယ်။ နိုင်ငံရဲ့ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဖြစ်လာတဲ့ မငြိမ်မသက်မှုတွေကို တွန်းလှန်ဖို့နဲ့ တည်ငြိမ်ရေးကို အထောက်အကူ ဖြစ်စေဖို့ အဆိုပြုထားပါတယ်။
ဒီမိုကရက်တစ်ဦးဆောင်တဲ့ အမေရိကန်အောက်လွှတ်တော်မှာ ဩဂုတ် ၁၂ ရက်က ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေကို အတည်ပြုလိုက်နိုင်ခြင်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ချီးကျူးလိုက်ပါတယ်။
အမေရိကန်ပြည်သူတွေ အနိုင်ရပြီး အထူးအကျိုးစီးပွားတွေ ဆုံးရှုံးသွားတာလို့ ဘိုင်ဒင်က ပြောပါတယ်။
ဒီဥပဒေကြမ်းကို ရေးဆွဲနေတာ ၁၈ လကျော်ရှိပါပြီ။ ဒီဥပဒေဟာ ဘိုင်ဒင်ရဲ့ မူရင်းဖြစ်တဲ့ Build Back Better အစီအစဉ်ရဲ့ နောက်ဆုံးဗားရှင်းကို ကိုယ်စားပြုပါတယ်။
ရီပတ်ဘလစ်ကန်တွေကတော့ အဲဒီဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြပြီး ဒီဥပဒေဟာ ကော်ပိုရိတ် အခွန်ငွေတွေ တိုးမြှင့်ခြင်း၊ အစိုးရအသုံးစရိတ်တွေ ပိုမိုဖောင်းပွလာပြီးတော့ ဆေးဝါးအသစ်တွေ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားခြင်းဖြင့် အလုပ်အကိုင်များ ဆုံးရှုံးမှာဖြစ်ကြောင်း သတိပေးထားပါတယ်။
ဒီဥပဒေကို သြဂုတ် ၇ ရက်က အထက်လွှတ်တော်မှာ ၂၇ နာရီကြာအပြီးမှာမှ အတည်ပြုခဲ့တာပါ။
အောက်လွှတ်တော်ဟာ ငွေကြေးဖောင်းပွမှု လျှော့ချရေးဥပဒေလို့ ခေါင်းစဉ်တပ်ထားတဲ့ ဆောင်ရွက်မှုကို အတည်ပြုဖို့ ထောက်ခံမဲ ၂၂၀- ကန့်ကွက်မဲ ၂၀၇ မဲနဲ့ မဲပေးခဲ့ပြီး ဥပဒေအဖြစ် လက်မှတ်ရေးထိုးဖို့ ဘိုင်ဒင်ဆီ ပေးပို့ခဲ့ပါတယ်။
ဒီမိုကရက် ၆၉ ရာခိုင်နှုန်း နဲ့ ရီပတ်ဘလီကန် ၃၄ ရာခိုင်နှုန်းတို့အပါအဝင် အမေရိကန် နိုင်ငံသား ထက်ဝက်လောက်က ရာသီဥတုနဲ့ ဆေးဝါး ဈေးနှုန်းဆိုင်ရာ ဥပဒေတွေကို ထောက်ခံကြောင်း သြဂုတ် ၃ ရက်နဲ့ ၄ ရက်က ပြုလုပ်တဲ့ Reuters/Ipsos စစ်တမ်းအရ သိရပါတယ်။
အမေရိကန်မှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာချိန်မှာ မဲဆန္ဒရှင်အများအပြားက ဘိုင်ဒန်အပေါ် အပြစ်တင်နေကြချိန်မှာ သူဟာ တခြားဥပဒေပြုရေးဆိုင်ရာ အောင်ပွဲတွေနဲ့အတူ ဒီဥပဒေကြမ်းကို ထောက်ခံမှုရဖို့ နိုင်ငံတစ်ဝှမ်းကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
ဒေါ်လာ ၄၃၀ ဘီလီယံ ဥပဒေကြမ်းကို အမေရိကန်သမိုင်းမှာ အကြီးမားဆုံး ရာသီဥတုဆိုင်ရာ ပက်ကေ့ချ်အဖြစ် ရှုမြင်ကြပြီး ဒါဟာ နိုဝင်ဘာ ၈ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ သမ္မတအတွက် ကြီးမားတဲ့ ဥပဒေပြုရေး အောင်ပွဲတစ်ရပ် လို့ ဆိုပါတယ်။