သီရိလင်္ကာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း မကြာခင်အတည်ပြုနိုင်

သီရိလင်္ကာနိုင်ငံမှာ သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာကို ဖြတ်တောက်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းဟာ သီတင်းပတ်အနည်းငယ်အတွင်း ဥပဒေဖြစ်လာနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အလီဆာဘရီက စက်တင်ဘာလ ၅ ရက်မှာ ပြောပါတယ်။
ဒီပြင်ဆင်ချက်ဟာ "အားလုံး ပါ၀င်တဲ့အုပ်ချုပ်ရေးကို ပြန်ယူဆောင်လာမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒီပြင်ဆင်ချက်မှာ အုပ်ချုပ်ရေး တိုးတက်စေဖို့၊ လူ့အခွင့်အရေး မြှင့်တင်ဖို့၊ အစိုးရအဖွဲ့အစည်းတွေရဲ့ စာရင်းစစ် ကြီးကြပ်မှု တိုးမြှင့်ဖို့နဲ့ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုတွေကို အားကောင်းလာစေဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကောင်စီနဲ့ လွတ်လပ်တဲ့ကော်မရှင် ၉ ခုကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
ဥပဒေကြမ်းကနေ ဥပဒေဖြစ်လာဖို့ လွှတ်တော်ထဲမှာ ထောက်ခံမဲ အများစုဖြစ်တဲ့ အမတ်နေရာ သုံးပုံနှစ်ပုံ လိုအပ်ပါတယ်။ နိုင်ငံရဲ့ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဖြစ်လာတဲ့ မငြိမ်မသက်မှုတွေကို တွန်းလှန်ဖို့နဲ့ တည်ငြိမ်ရေးကို အထောက်အကူ ဖြစ်စေဖို့ အဆိုပြုထားပါတယ်။