တူနီရှားမှာ သမ္မတကိုင်စ်ဆေးဒ်ရဲ့ အာဏာရှင်ဆန်မှုနဲ့ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကို မတ် ၁၃ ရက်နေ့က လူထောင်ချီ ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြပွဲကို သဘောထားတင်းမာတဲ့ Free Constitutional Party က ဦးဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က သမ္မတကိုင်စ်ဆေးဒ် အာဏာရယူကတည်းက အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ပြီး လွှတ်တော်ကို ဗီတိုအာဏာနဲ့ ချယ်လှယ်နေတာကြောင့် အတိုက်အခံအုပ်စုတွေက သမ္မတကိုင်စ်ဆေးကို အာဏာရှင်လို့ စွပ်စွဲနေတာပါ။
ဒါပေမဲ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ပါတီနဲ့ ပါတီခေါင်းဆောင် အာဘီမော်စီကလည်း ဒီမိုကရေစီစနစ်ကို လိုလားထောက်ခံသူ မဟုတ်ပါဘူး။
၂၀၁၁ မှာစခဲ့တဲ့ တူနီရှားဒီမိုကရေစီ အသွင်ကူးပြောင်းမှုကနေ နောက်ကြောင်းပြန်ပြီး အာဏာရှင်ဟောင်း ဇိုင်အလ်အဘီဒင်းဘန်အလီ ရဲ့ ခေတ်ကို ပြန်သွားချင်နေတာပါ။
မော်စီနဲ့ သူ့ရဲ့ပါတီက အခြား အတိုက်အခံပါတီတွေနဲ့လည်း အဆင်မပြေပါဘူး။
လက်ရှိ တူနီရှားမှာ ဘဏ္ဍာငွေပြတ်လပ်နေပြီး စီးပွားရေးအကျပ်အတည်းကြုံနေရတာပါ။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဆွေးနွေးနေပေမဲ့ လတ်တလော တူနီရှားပြည်သူတွေ ဂျုံ၊ သကြား၊ ဆီ စတဲ့ နေ့စဉ် စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံနေရပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက ရုရှားကျူးကျော်စစ်ကို ထောက်ခံကြောင်း ကြေညာခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒို ဦးဆောင်ပြီး ကာရာကက်စ်မြို့မှာ မတ် ၃ ရက်က စစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတဦးက “ ရုရှားက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုကို ဆန့်ကျင်ဖို့ ဒီမှာ လာစုဝေးကြတာပါ၊ အာဏာရှင်ပူတင်ရဲ့ အချုပ်အခြာနိုင်ငံတနိုင်ငံထဲ ဝင်ရောက်ကျူးကျော်တာကို ဆန့်ကျင်ပါတယ်၊ ယူကရိန်းပြည်သူတွေနဲ့ ကျနော်တို့နဲ့ အတူရှိတယ်” လို့ ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒို က “ဗင်နီဇွဲလားမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တိုက်ပွဲ ဝင်နေသူတွေက ယူရိန်းပြည်သူတွေနဲ့ တသားထဲ ရှိပါတယ်။ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရဲဝံ့သတ္တိရှိတဲ့ခေါင်းဆောင်မှုအတွက် စံပြဖြစ်တယ်” လို့ ပြောပါတယ်။
ဗင်နီဇွဲလား မာဒူရို အစိုးရကတော့ ရုရှားရဲ့အနီးဆုံးမိတ်ဆွေဖြစ်နေပြီး ယူကရိန်းအရေးအတွက် နေတိုးနဲ့ အမေရိကန်ကို အပြစ်တင်နေတာပါ။