ပြင်သစ်နိုင်ငံမှာ ပင်စင်လစာ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံအနှံ့ သပိတ်မှောက်ဆန္ဒပြမှုတွေ စတင်လာချိန်မှာပဲ ပါရီမြို့က အထက်တန်းကျောင်းသားတွေဟာ ဇန်နဝါရီ ၁၉ ရက်က အလုပ်သမားတွေနဲ့အတူ တစည်းတလုံးတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။
ပါရီမြို့အရှေ့ပိုင်းက ဟယ်လင်း ဘူ့ရှေး အထက်တန်းကျောင်းရှေ့မှာ ကျောင်းသားတစ်ဒါဇင် ကျော်ဟာ ပြုပြင်ပြောင်းလဲမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံတဲ့ စာတန်းတွေကို ကိုင်ဆောင်စုဝေးခဲ့ကြလို့ ရဲတပ်ဖွဲ့က စောင့်ကြပ်ခဲ့ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်ဆန္ဒပြမှုတွေဟာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းအတွက် အဓိက စမ်းသပ်ချက်တခု ဖြစ်လာခဲ့တာပါ။
သူ့ရဲ့ အထင်ကရ ပြုပြင်ပြောင်းလဲမှုဖြစ်တဲ့ ပင်စင်လစာစနစ် ပျက်မသွားစေဖို့ အရေးကြီးတယ်လို့ ပြောထားပြီး ထင်မြင်ချက် စစ်တမ်းမှာတော့ လူကြိုက်သိပ်မများတာကို ပြနေပါတယ်။
သယ်ယူပို့ဆောင်ရေး လုပ်သားတွေရဲ့ သပိတ်မှောက်မှု ကြောင့် မြေအောက်ရထားတွေ၊ ခရီးသည်တင်ရထားတွေ၊ ဘတ်စကားတွေနဲ့ ဓာတ်ရထားတွေဟာ အကန့်အသတ်နဲ့သာ ပြေးဆွဲ နေကြပြီး တခြားအလုပ်သမားတွေကိုလည်း အိမ်ကနေ အလုပ်လုပ်ဖို့ ဒါမှမဟုတ် ကိုယ်ပိုင်ကားနဲ့ သွားလာကြဖို့ တိုက်တွန်းထားပါတယ်။
အလုပ်သမားသမဂ္ဂတွေအတွက်တော့ သူတို့ဟာ ဒီပြုပြင်ပြောင်းလဲမှုကို အတိုက်အခံ လုပ်နိုင်မလား ဒါမှမဟုတ် နေထိုင်မှုစရိတ် အကြပ်အတည်းတွေကြောင့် ဒေါသဖြစ်ရမှုတွေက နောက်ဆုံးမှာတော့ အစိုးရရဲ့ အစီအစဉ်တွေကို ပြောင်းလဲသွားဖို့ တွန်းအားပေးမယ့် လူထုဆန္ဒပြ ပွဲကြီး အသွင် ဖြစ်လာမလားဆိုတာ စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ အထက်တန်းကျောင်းသားဦးရေ ၈၈ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်တယ်လို့ မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့(ဘီအမ်အေ) က ကြေညာပါတယ်။
နိုင်ငံတဝန်း စာသင်ကျောင်းတွေကို လာမယ့်လမှာ ဖွင့်လှစ်နိုင်ဖို့အတွက် ထိုင်းအစိုးရက ပြင်ဆင်နေတာဖြစ်ပြီး လတ်တလောမှာတော့ ကျောင်းသားကျောင်းသူတွေကို Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်နေတာပါ။
ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့(ဘီအမ်အေ) အမြဲတန်းအတွင်းဝန် ခါချစ်ချက် ချာဝနစ်က အထက်တန်းကျောင်းသားဦးရေ ၃၇,၄၆၆ ယောက်ထဲက ၃၃,၀၄၈ ယောက်ဟာ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်တယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ အလယ်တန်းကျောင်းသားကျောင်းသူ ၂၉,၂၅၂ ယောက် ကာကွယ်ဆေးထိုးနှံဖို့ စာရင်းပေးသွင်းထားပြီး ဒီနေ့နဲ့ လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့တွေ မှာ ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကာကွယ်ဆေး မထိုးနှံရသေးတဲ့ စာသင်ကျောင်းဝန်ထမ်းတွေကိုတော့ Sinovac နဲ့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုး ပေါင်းစပ်ထိုးနှံပေးသွားမှာဖြစ်တယ်လို့ မစ္စတာ ခါချစ်က ပြောပါတယ်။
ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့(ဘီအမ်အေ)အနေနဲ့ ထိုင်းပညာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ တခြားအေဂျင်စီတွေနဲ့အတူ ပူးပေါင်းပြီး ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေနည်းတူ ရောဂါကူးစက်နိုင်မှု လျှော့ချနိုင်ရေးအတွက် စာသင်ခန်းတွေမှာ ကျောင်းသား ၂၅ ယောက်ထိ လျှော့ချသင်ကြားနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောင်းကို လာမယ့် ဘယ်သူအဆို လက်သန့်စင်ဆေး၊ နှာခေါင်းစည်း မျက်နှာဖုံးတွေနဲ့ လာရောက်ရမှာဖြစ်ပြီး လူမှုအလှမ်းခွာ စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ရောဂါရှိ၊ မရှိ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောင်းသားကျောင်းသူတွေကိုရော သင်ကြားရေးဝန်ထမ်းကိုတွေပါ နေ့စဉ်မှတ်တမ်းယူရမှာဖြစ်ပြီး စာသင်ခန်းပြင်ပ လှုပ်ရှားမှုတွေကိုလည်း ပြည်သူ့ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
တကယ်လို့များ ကျောင်းသားကျောင်းသူတွေအနေနဲ့ ရောဂါကူးစက်ခံရကြောင်း သံသယရှိမယ် ဆိုရင်တော့ အမြန်ဆုံး ဆေးကုသမှုခံယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၈ သန်းနီးပါး၊ သေဆုံးသူ ၁၈,၀၀၀ ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၁ ဒသမ ၆၆ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။