ပြင်သစ်ဆန္ဒပြပွဲ အထက်တန်းကျောင်းသားများ ပါဝင်လာ

ပြင်သစ်နိုင်ငံမှာ ပင်စင်လစာ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံအနှံ့ သပိတ်မှောက်ဆန္ဒပြမှုတွေ စတင်လာချိန်မှာပဲ ပါရီမြို့က အထက်တန်းကျောင်းသားတွေဟာ ဇန်နဝါရီ ၁၉ ရက်က အလုပ်သမားတွေနဲ့အတူ တစည်းတလုံးတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။
ပါရီမြို့အရှေ့ပိုင်းက ဟယ်လင်း ဘူ့ရှေး အထက်တန်းကျောင်းရှေ့မှာ ကျောင်းသားတစ်ဒါဇင် ကျော်ဟာ ပြုပြင်ပြောင်းလဲမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံတဲ့ စာတန်းတွေကို ကိုင်ဆောင်စုဝေးခဲ့ကြလို့ ရဲတပ်ဖွဲ့က စောင့်ကြပ်ခဲ့ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်ဆန္ဒပြမှုတွေဟာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းအတွက် အဓိက စမ်းသပ်ချက်တခု ဖြစ်လာခဲ့တာပါ။
သူ့ရဲ့ အထင်ကရ ပြုပြင်ပြောင်းလဲမှုဖြစ်တဲ့ ပင်စင်လစာစနစ် ပျက်မသွားစေဖို့ အရေးကြီးတယ်လို့ ပြောထားပြီး ထင်မြင်ချက် စစ်တမ်းမှာတော့ လူကြိုက်သိပ်မများတာကို ပြနေပါတယ်။
သယ်ယူပို့ဆောင်ရေး လုပ်သားတွေရဲ့ သပိတ်မှောက်မှု ကြောင့် မြေအောက်ရထားတွေ၊ ခရီးသည်တင်ရထားတွေ၊ ဘတ်စကားတွေနဲ့ ဓာတ်ရထားတွေဟာ အကန့်အသတ်နဲ့သာ ပြေးဆွဲ နေကြပြီး တခြားအလုပ်သမားတွေကိုလည်း အိမ်ကနေ အလုပ်လုပ်ဖို့ ဒါမှမဟုတ် ကိုယ်ပိုင်ကားနဲ့ သွားလာကြဖို့ တိုက်တွန်းထားပါတယ်။
အလုပ်သမားသမဂ္ဂတွေအတွက်တော့ သူတို့ဟာ ဒီပြုပြင်ပြောင်းလဲမှုကို အတိုက်အခံ လုပ်နိုင်မလား ဒါမှမဟုတ် နေထိုင်မှုစရိတ် အကြပ်အတည်းတွေကြောင့် ဒေါသဖြစ်ရမှုတွေက နောက်ဆုံးမှာတော့ အစိုးရရဲ့ အစီအစဉ်တွေကို ပြောင်းလဲသွားဖို့ တွန်းအားပေးမယ့် လူထုဆန္ဒပြ ပွဲကြီး အသွင် ဖြစ်လာမလားဆိုတာ စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။