close

အထက်တန်းကျောင်းသူ

close

September 8, 2022

အုတ်တွင်း အထက်တန်းကျောင်းတွင် ကျောင်းသူ ၁ ဦး ကိုဗစ်ဖြင့် သေဆုံးပြီးနောက် ကိုဗစ်ကူးစက်မှု ထပ်တွေ့

ကိုဗစ်ရောဂါနဲ့ ၇ တန်းကျောင်းသူတ‌ယောက် သေဆုံးခဲ့တဲ့ ပဲခူးတိုင်း အုတ်တွင်း အထက်တန်းကျောင်းမှာ ဆရာမ သုံးယောက်နဲ့ ကျောင်းသား နှစ်ယောက်ဆီမှာ ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ပေမဲ့ ကျောင်းမပိတ်ဘဲ ဆက်ဖွင့်ထားလို့ ကူးစက်မှုတွေ ထပ်ဖြစ်လာမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မနက်ပိုင်းက အုတ်တွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အုတ်တွင်း အထက်တန်းကျောင်းနဲ့ ဗောဓိကုန်း အထက်တန်းကျောင်းက ဆရာ ဆရာမနဲ့ ကျောင်းသူ ကျောင်းသား ၅၀၀ ကျော်ကို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ဆရာမသုံးယောက်နဲ့ ကျောင်းသား နှစ်ယောက်ဆီမှာ ကိုဗစ်ပိုး တွေ့ခဲ့တာလို့ မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းနှစ်ကျောင်းကို စစ်တာ ကလေးမလေး သေတဲ့ ကျောင်းက ဆရာမသုံးဦးနဲ့ ကျောင်းသားနှစ်ဦးဆီမှာ တွေ့တာ။ ပြီးတော့ ၇ တန်းသင်တဲ့ ဆရာမတွေ ကိုဗစ်ဖြစ်နေတာတောင် မသိဘူး။ ကလေးတွေဆီပါ ကူးနေတာ။ အဲ့ဒါကို ဟုမ်းကွာရန်တင်းပဲ ဝင်ခိုင်းတာ။ ကျောင်းကိုမပိတ်ဘူး။”

အုတ်တွင်း အထက်တန်းကျောင်းက ဆရာမနဲ့ ကျောင်းသားနှစ်ယောက်မှာ ပိုးတွေ့ပြီးနောက် ဆေးဖျန်းတာတွေ လုပ်ဆောင်ခဲ့ပြီး ကျောင်းသား ကျောင်းသူတွေကို မတ်စ်ခ် တပ်ခိုင်းပြီး လက်ဆေးကာ ကျောင်းကို ဆက်လက်ဖွင့်နေတာလို့ ကျောင်းသားမိဘတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းကို ခဏပိတ်ပြီး ကိုဗစ်နဲ့ပတ်သက်ပြီး သေချာလုပ်စေချင်တယ်။ ပြီးစလွယ် မလုပ်စေချင်ဘူး။ ပရဟိတအဖွဲ့တွေကလည်း ကူညီနေတယ်။ ကျမတို့ကတော့ စိုးရိမ်တယ်။”

အုတ်တွင်းအထက်တန်းကျောင်းကို နေရာအနှံ့ ဆေးဖျန်းတာတွေ လုပ်ဆောင်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ဖို့ ညွှန်ကြားထားပြီး ကျောင်းဆက်ဖွင့်ခိုင်းတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ပိုးတွေ့တာပဲရှိတာ၊ ကိုဗစ်လက္ခဏာနဲ့ပတ်သက်ပြီး သူတို့မှာ ခံစားရတာမရှိဘူး။ ပြီးတော့ သူတို့တွေက ကိုဗစ်ဆေး နှစ်ကြိမ် သုံးကြိမ် ထိုးထားတဲ့သူတွေ။”

လတ်တလောမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ ဆရာမသုံးယောက်၊ ကျောင်းသားတယောက်နဲ့ ကျောင်းသူတယောက်ကို ဟုမ်းကွာရန်တင်း ဝင်ခိုင်းထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ အုတ်တွင်းအထက်တန်းကျောင်းမှာ စက်တင်ဘာ ၅ ရက်က ၇ တန်းကျောင်းသူတယောက် မူးလဲကျပြီး ဆေးရုံအဆင့်ဆင့်ပိုခဲ့ရာ နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံမှာ စက်တင်ဘာ ၆ ရက် မနက်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။

5 mins Ago

September 13, 2021

ထိုင်းကုန်တိုက်တွင် အထက်တန်းကျောင်းသူ ၁ ဦးက ရွှေဆိုင်ဓားပြတိုက်

ထိုင်းနိုင်ငံအလယ်ပိုင်း၊ နွန်ထပူရီမြို့ ရတနတိပက်နယ်မြေရှိ ကုန်တိုက်တစ်ခုထဲမှာ စက်တင်ဘာ ၁၂ ရက် မနေ့ညနေပိုင်းက ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်ပွါးခဲ့ပါတယ်။

နှာခေါင်းစည်းတပ်၊ မျက်မှန်နဲ့ဦးထုပ်ဆောင်းထားသူ ၁ ဦးဟာ ယောင်းဝါရတ်ရွှေဆိုင်ထဲ တည့်တည့်ဝင်လာပြီး မီးဖိုချောင်သုံးဓားနဲ့ ဆိုင်ဝန်ထမ်းကို ချိန်ရွယ်ကာ လူသတ်မှုမဖြစ်စေချင်ရင် ရွှေတွေထဲ့လိုက်ဆိုပြီး ပါလာတဲ့ အမည်းရောင်အိတ်ကို  ဖွင့်ထားလိုက်ပါတယ်။ 

ဆိုင်ဝန်ထမ်းတွေလည်းကြောက်ကြောက်လန့်လန့်နဲ့ ရွှေတွေထည့်ပေးလိုက်ပြီး ဓားပြ ထွက်သွားတာနဲ့ ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။

အဆိုပါဓားပြဟာ အထုပ်ပိုက်ပြီးပြန်ထွက်လာစဉ် လူတစ်ဦးကခြေတောက်နဲ့လှမ်းပြီးတားလိုက်လို့ ခလုတ်တိုက်လဲကျသွားပြီး လုံခြုံရေးနဲ့ ရဲတွေလည်းရောက်လာကာ အလွယ်တကူ ဖမ်းဆီးရမိလိုက်ပါတယ်။

အိတ်အမည်းထဲမှာတော့ ကာလတန်ဘိုး ဘတ် ၄ သိန်းကျော်ရှိ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်နဲ့ ရွှေလက်စွပ်တွေကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါဓားပြမှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဇာတိမှထိုင်းအရှေ့မြောက်ပိုင်း လွဲ့အေတ်ခရိုင်ကလို့  ရတနတိပက်နယ်မြေရဲစခန်းက ပြောပါတယ်။

အဆိုပါကျောင်းသူဟာ ဒီမတိုင်ခင်က အွန်လိုင်းပေါ်မှာချဲထီ တဆင့်ခံရောင်းခဲ့ကြောင်း၊ ဝင်ငွေကောင်းပြီး ဘတ်ငွေ ၅၀၀၀၀ လောက်စုမိတာနဲ့  ပိုပြီးအမြတ်များများရဖို့ ရှိသမျှငွေတွေအကုန်ပုံအောရင်းနှီးလိုက်ရာမှာ ဒိုင်ရဲ့ လိမ်ညာမှုကိုခံရပြီး ဆုံးရှုံးတဲ့ငွေကိုပြန်ရဖို့ ကြံမိကြံရာ ဓားပြတိုက်ရာက အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

သူရွှေဆိုင်က ပြေးထွက်လာစဉ် ခြေထောက်နဲ့ ထောက်ကန်လိုက်သူမှာ ထိုင်းပို့စ်သတင်းဌာနရဲ့ ဓာတ်ပုံဆရာ ပီလိတ်ဆိုသူဖြစ်ကြောင်း ၊ သူဟာ စားသောက်ဆိုင်မှာ ထိုင်နေစဉ် မိန်းကလေးက ရွှေဆိုင်ထဲ ဝင်သွားကတည်းက မသင်္ကာလို့အစဆုံးလိုက်ကြည့်ပြီး ဓာတ်ပုံလည်းရိုက်ခဲ့ကြောင်း၊ ဓားပြထွက်ပြေးလာတာနဲ့ ထိုင်နေရာက ခြေထောက်နဲ့လှမ်းကာလိုက်တာလို့ ဆိုပါတယ်။ 

ကိုးကား - ထိုင်းရတ်တီဗွီသတင်း

12 months Ago
Up